နေပြည်တော်၊ ၁၉ ဒီဇင်ဘာ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်တို့ ပူးပေါင်း ကျင်းပ သည့် ''Healthy and Happy Life in the New Normal Era'' ဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
ဆွေးနွေးပွဲသို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသော ဦးထွန်းမြင့်ဦး၊ ဦးကျော်ဆန်း၊ ဦးကျော်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေး၊ ဒုတိယဥက္ကဋ္ဌ ဒေါ်ရီရီဝင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့(ကရင်) ဆပ်ကော်မတီခေါင်းဆောင် ဒေါက်တာသီသီဝင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန(ကျွမ်းကျင်သူ) ဒေါက်တာရဲတင့်လွင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန (စစ်ကိုင်းတိုင်း) ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကားပြောကြားရာတွင် ကိုဗစ်-၁၉ သည် ရာသီတုပ်ကွေးရောဂါ ကဲ့သို့ပင် ကမ္ဘာပေါ်တွင် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ဆက်လက်တည်ရှိ ကူးစက်ဖြစ်ပွားနေမည်ကို ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ အားကစားကဏ္ဍအပါအဝင် ကဏ္ဍစုံမှ တာဝန်ရှိ သူများက ကြိုတင်မျှော်မှန်းတွက်ဆပြီး ကိုဗစ်-၁၉ ခေတ်ကာလနှင့် သင့်လျော်သည့် နည်းဗျူဟာများ ချမှတ် ဆောင်ရွက်နိုင်ရန်အရေးကြီးပါကြောင်း။
ယခုအချိန်၌ မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ပုံမှန်လုပ်ငန်းများကို အရှိန်အဟုန်မပျက် ပြန်လည် ဆောင် ရွက်နိုင်ရေးအတွက် အစပြုရန်လိုအပ်နေပြီး ထိုကဲ့သို့ မလုပ်ဆောင်ပါက နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဟာ အလွန် နှောင့်နှေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ယခင် ကတည်းက လူထုလှုပ်ရှားမှုအားကစား ဆောင်ရွက်မှုများကို အထူးတက်ကြွစွာ ဆောင်ရွက်နေသော အဖွဲ့ အစည်းတစ်ခုဖြစ်သည်ကို တွေ့ရှိပြီး ယခုလို ကိုဗစ်-၁၉ ကပ်ရောဂါ ကမ္ဘာပေါ်တွင် ပေါ်ပေါက်ဖြစ်ပွား လာပြီး နောက် အားကစားလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများ၊ အားကစားလေ့ကျင့်မှုများကို အရှိန်အဟုန် မပျက် မည်သို့ဆက်လက်လုပ်ဆောင်သွားမည်ဆိုသည်ကို ဝိုင်းဝန်းစဉ်းစားကြံဆဆောင်ရွက်ရန် မိမိတို့ ဝန်ကြီးဌာန နှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိခြင်းသည် နိုင်ငံအတွက် အလွန်ကောင်းမွန်ပါကြောင်း။
အားကစားလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းမှုကို ဖြစ်စေခြင်း၊ လျင်မြန်ဖျတ်လတ်မှု ဖြစ်စေသည် သာမက စိတ်ဖိစီးမှုကို လျော့ကျစေခြင်း၊ စိတ်ကျန်းမာမှုကိုဖြစ်စေခြင်း၊ မှန်ကန်စွာ စဉ်းစားဆုံးဖြတ်နိုင်ခြင်း၊ သွေးတိုး၊ နှလုံးရောဂါ စသည့် မကူးစက်နိုင်သော ရောဂါဖြစ်ပွားမှုကာကွယ်ပေးခြင်း၊ အသက်ကြီးလာပါ က လည်း ကျန်းမာစွာနေထိုင်နိုင်ပြီး ဘဝနေထိုင်မှု အရည်အသွေးများကို မြင့်မားစေခြင်း၊ အမျိုးသမီးများ တွင် အရိုးပွရောဂါဖြစ်ပွားမှုမှစ၍ အခြားနာတာရှည်ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း စသည့် ကောင်းကျိုး များစွာရှိသည့်အတွက် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်မှ လုပ်ဆောင်နေသည့် လုပ်ငန်းများအား မိမိတို့ဝန်ကြီးဌာနမှ အထူးပံ့ပိုးပေးမည်ဖြစ်ပါကြောင်း။
ထို့ပြင် အားကစားလုပ်ခြင်းဖြင့် ဇီဝကမ္မဗေဒ မှန်ကန်ကောင်းမွန်စေကာ ခန္ဓာကိုယ်အတွင်းရှိ မြောက်မြား စွာသော ဟော်မုန်းဓာတ်များနှင့် အင်ဇိုင်းအမျိုးမျိုးတို့ကို ညီညွှတ်မျှတစွာ ထိန်းညှိပေးပြီး ကိုယ်ခံစွမ်းအားကို တိုးတက်ကောင်းမွန်စေကာ ကိုဗစ်-၁၉ အပါအဝင် အခြားရောဂါများကို ခုခံနိုင်စွမ်းလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း၊ ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ဒိုပါမင်း (dopamine) ကဲ့သို့သော ဟော်မုန်း များ များပြားလာသဖြင့် စိတ်ဖိစီးမှုကိုလည်း လျှော့ချနိုင်ပါကြောင်း။
အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ခန္ဓာကျန်းမာလှပခြင်းသာမက စိတ်လက်ပေါ့ပါး လန်းဆန်းခြင်းအပါအဝင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးများစွာ ရရှိပါကြောင်း၊ အားကစားကိုစိတ်ပါဝင်စား လုပ်ဆောင်ခြင်းအားဖြင့် ဂိမ်းအလွန်အကျွံ စွဲလမ်းခြင်းများ၊ အရက်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး၊ မူးယစ် ဆေးဝါးသုံးစွဲမှုများလည်း လျော့နည်းပပျောက်လာမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဗီဒီယိုကွန်ဖရင့်စနစ် အသုံးပြု၍ ပညာရှင်များ ဆွေးနွေးပွဲပြုလုပ်ခြင်းသည် အလွန်ကောင်းမွန် အကျိုးရှိပါကြောင်းနှင့် ဆက်လက် လုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ နောင်ပြုလုပ်မည့်ဆွေးနွေးပွဲများတွင် လူငယ်များ၊ အားကစားသမားများ၊ နည်းပြများ၊ နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်နေရာ ဒေသအရပ်ရပ်ရှိ သာမန်ပြည်သူများ ကိုလည်း ဖိတ်ခေါ်ဆွေးနွေးရန် တိုက်တွန်းလိုပါကြောင်း၊ သို့မှသာ နယ်ပယ်စုံမှ ပြည်သူများ၏အမြင် ရှုထောင့်များကို သိရှိနိုင်မည်ဖြစ်ပြီး အားကစားလှုပ်ရှားမှုများ ပိုမိုတွင်ကျယ်စွာဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူပြုမည်ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ကိုယ်လက်လှုပ်ရှားဆေးတစ်ပါး "Exercise is Medicine" အစီအစဉ်အရ တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် Fitness Dance များကို ကျယ်ကျယ်ပြန့်ပြန့် သရုပ်ပြ ဆောင်ရွက်ခဲ့သည်ကို တွေ့ရပြီး ယခုကဲ့သို့သော ကိုဗစ်-၁၉ ခေတ်ကာလ၌ တစ်ဦးချင်းကစား၍ ရသော အားကစားနည်းများကို အားပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူများအကြားတွင် ကိုယ်လက်လှုပ်ရှား အားကစား လေ့ကျင့်ခြင်းကို မဖြစ်မနေလုပ်ဆောင်ရမည်ဟူသော အမူအကျင့်၊ အလေ့အထ တစ်ခုဖြစ်လာ သည်အထိ ပြောင်းလဲဖြစ်ပေါ် လာစေရန်မိမိတို့အားလုံး အလေးထား၍ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အိမ်ထောင်စုတစ်စုချင်းအနေဖြင့်လည်း နေအိမ်၌ပင်ပြုလုပ်နိုင်သော ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်း တစ်ခုခုကို နေ့စဉ်ပြုလုပ်ရန် မိသားစုဝင်အချင်းချင်း အသိပေးခြင်းသတိပေးခြင်း များကို ပြုလုပ်ပေးစေလိုပါကြောင်း။
ဝန်ကြီးဌာနအနေဖြင့် အားကစားပြုလုပ်ခြင်း၏ ရရှိနိုင်သောရေတိုနှင့် ရေရှည် အကျိုးကျေးဇူးအမျိုးမျိုးကို ရေးသားထားသော စာအုပ်ကို အပြီးသတ်တည်းဖြတ်လျက်ရှိပြီး မကြာမီထုတ်ဝေကာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း၊ အားကစားလုပ်ခြင်းသည် တစ်ဦးချင်းစီ၏ ကျန်းမာရေးအတွက်သာမက တစ်နိုင်ငံလုံး၏ ကျန်းမာရေးကောင်းမွန်တိုးတက်ရေးကို လုပ်ဆောင်နေခြင်းဖြစ်သဖြင့် မြန်မာအမျိုးသမီး အားကစားအဖွဲ့ချုပ်၏ စိတ်ပါဝင်စားစွာ ဆောင်ရွက်လျက်ရှိသည်များကို ဆက်လက်ပူးပေါင်းပံ့ပိုးပေး မည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် နာယက ဒေါက်တာမြလေးစိန်က မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ်သည် ၁၉၉၀ ခုနှစ်မှ ယနေ့အထိ နှစ်ပေါင်း (၃၀)တိုင် ရပ်တည် လာနိုင်ခဲ့ပြီး ဥက္ကဋ္ဌများ၊ အမှုဆောင်များ ပြောင်းလဲသည့်တိုင် မြန်မာနိုင်ငံ အမျိုးသမီး အားကစား အဖွဲ့ချုပ်၏ ရည်ရွယ်ချက်ဖြစ်သော အမျိုးသမီးများ၊ မိခင်များ၊ အမျိုးသမီး အားကစားသမားများ၏ အကျိုးဖြစ်ထွန်း စေသော ကိုယ်ခန္ဓာနှင့်စိတ်ဓာတ်များ ကျန်းမာသန်စွမ်းစေသော မြှင့်တင်ဆောင်ရွက်လှုပ်ရှားမှုများကို ယခင်ကထက် ပိုမိုအရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်ခဲ့ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင်လည်း ယခင် ကာလများမှ ဖြစ်ပွားခဲ့သောရောဂါဗေဒများ ဖြတ်ကျော်ခဲ့ပြီးသည့် အတွေ့အကြုံကောင်း များကို အသုံးချပြီး New Normal Life ကို ကျင့်သုံးနေထိုင်ရန် လိုအပ်ပါကြောင်း၊ ထိုသို့ နေထိုင်ရာတွင် လူတိုင်းသည် ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်အာဟာရ မျှတဖွံ့ဖြိုးနေထိုင်ရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့သော အခြေအနေ တွင် ကိုယ်ခံအားစနစ် ကောင်းမွန်အောင် အဓိကလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရမည့် အချက်တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများဖြင့်သာ ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ ကိုယ်လက် လှုပ်ရှား ဆေးတစ်ပါး (EIM) သည် မိမိတို့ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့ချုပ်ကသာ ဆောင်ရွက်နေသည်မဟုတ်ဘဲ UN ၊ WHO ၊ IOC ကဲ့သို့ ကမ္ဘာ့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းကြီးများမှပါ ကျယ်ကျယ်ပြန့်ပြန့် တွင်ကျယ်စွာ ကမ္ဘာအနှံ့၌ ဆောင်ရွက်နေပါ ကြောင်း၊ မြန်မာနိုင်ငံအတိုင်းအတာဖြင့် လှုပ်လှုပ်ရှားရှား လူထုအားကစားပြိုင်ပွဲကို ကျင်းပခဲ့သည်မှာ ယခုဆိုလျှင် အဆင့်(၄)သို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထိုလှုပ်လှုပ်ရှားရှား လူထုအားကစားပြိုင်ပွဲသည် လည်း ပြိုင်ပွဲအသွင်မဟုတ်ဘဲ တစ်နိုင်ငံလုံးအတိုင်းအတာထိ ပြည်သူများ ပါဝင်လာမှုကို အဓိကထား ဆောင် ရွက်နေပြီဖြစ်ကြောင်း၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအားကစားကို မဖြစ်မနေလုပ်ဆောင်ရမည့် အလေ့အကျင့် ဝါသနာအစွဲ တစ်ခုကဲ့သို့ ဖြစ်လာစေရန် လိုအပ်ပါကြောင်း၊ ထိုမှသာ New Normal Life Era တွင် အပြုအမူ၊ နေထိုင်မှုပုံစံ၊ ခံယူချက်များ ပြောင်းလဲပြီး ကျန်းမာသန်စွမ်းပြီး စိတ်ဓါတ်ခိုင်မာသော နေထိုင်မှုမျိုး နေထိုင်လာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံအမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်ခင်လေးက မြန်မာနိုင်ငံ အမျိုးသမီး အားကစားအဖွဲ့၏ ရည်မှန်းချက်များ၊ ရည်ရွယ်ချက်များ၊ Covid-19 ကာလမတိုင်မီ အဖွဲ့၏ ဆောင်ရွက်နိုင် မှုများ၊ လတ်တလောဆောင်ရွက်ချက်များနှင့် ရှေ့ဆောင်ရွက်လုပ်ဆောင်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့် ပူးပေါင်း၍ ကိုယ်လက်လှုပ်ရှားအားကစား ဖွံ့ဖြိုးတိုးတက်ရေး အကြောင်းများကို ဆွေးနွေးသည်။
ယင်းနောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန(ကျွမ်းကျင်သူ) ဒေါက်တာရဲတင့်လွင်၊ အားကစား ကာယပညာဉီးစီးဌာန(စစ်ကိုင်း) ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်းနှင့် မြန်မာနိုင်ငံ အမျိုးသမီးအားကစား အဖွဲ့(ကရင်) ဆပ်ကော်မတီခေါင်းဆောင် ဒေါက်တာသီသီဝင်းတို့က ကဏ္ဍအလိုက် ဆွေးနွေးတင်ပြ ကြသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က သုံးသပ် ပြောကြားရာတွင် ယခုကာလတွင် အားကစားလှုပ်ရှားမှု အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ဆက်သွယ်ရေး၊ ပြန်ကြားရေးဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ ပိုမိုလုပ်ဆောင်ရန်လိုအပ်ပါကြောင်း၊ Online ပြိုင်ပွဲများ ပြုလုပ်ရာတွင် အသက်အရွယ်ပေါင်းစုံ ပါဝင်နိုင်ရန်သက်ဆိုင်ရာ အသက်အရွယ်အလိုက် ပြိုင်ပွဲများပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ကျန်းမာသန်စွမ်းသော ကလေးသူငယ်များ ဖြစ်ပေါ်လာစေရေး အတွက် အားကစားလှုပ်ရှားမှုများပြုလုပ်ရာတွင် မသန်စွမ်းကလေးသူငယ်များအတွက်ပါ ထည့်သွင်းစဉ်းစား ကျင်းပပေးရန် လိုအပ်ကြောင်း ပြောကြားပြီး အမေးအဖြေကဏ္ဍများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


