မကွေး ၁၉ မေ
မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်နှင့် သရက်မြို့နယ်များရှိ ဆေးရုံများတွင် မေလ ၁၈ ရက်နေ့ထိ Heat Stroke လူနာ ၄ ဦး တက်ရောက်ခဲ့ရပြီး နဂိုရောဂါအခံရှိသူတစ်ဦး သေဆုံးခဲ့သည့်အတွက် အပူဒဏ် မသင့်စေရန် ဂရုပြုနေထိုင်ရန် လိုအပ်ကြောင်း တိုင်းပြည်သူ့ကျန်းမာရေးဦးစီဌာနမှ သိရသည်။
"အပူချိန်မြင့်မားမှုနဲ့ ပတ်သက်လို့ အသက်ကြီးသူတွေ၊ အသက်ငယ်ရွယ်တဲ့ကလေးတွေ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အရက် အလွန်အကျွံ သောက်သုံးတဲ့သူတွေအတွက် အန္တရာယ်များပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ အခံရှိတဲ့သူတွေ သတိထားနေထိုင်ဖို့ လိုပါတယ်” ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။
မကွေးတိုင်းရှိ ချောက်မြို့နယ်သည် နေ့အပူချိန် ၄၇.၅ ဒီဂရီ စင်တီဂရိတ် ဖြင့် နှစ်ပေါင်း ၅၀ ကျော်အတွင်း အမြင့်ဆုံး စံချိန်တင်ထားသည့်အတွက် အများပြည်သူသို့ နံနက် ၁၀ နာရီမှ ညနေ ၅နာရီအတွင်း ရေချိုးခြင်းမပြုရန် မြစ်ဆိပ်များ၌ ကန့်သတ်ကြေငြာထားလျက်ရှိသည်။
" လွန်ခဲ့တဲ့ နှစ်ရက်က သရက်ဆေးရုံ ဖျားနာဆောင်ကို အရက်သောက်များတဲ့ လူနာတစ်ယောက် ရောက်လာပြီး ဆုံးသွားတယ်။ အပူချိန်လွန်ကဲတာနဲ့ ဆက်စပ်ပြီး ဖြစ်သွားတာပေါ့။ ဆေးရုံအုပ်ကြီးဆီက သိရတာ '' ဟု သရက်မြို့နယ် ၊ စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ပြောသည်။
ချောက်မြို့နယ်တွင် ၂၀၁၉ ခုနှစ်အတွင်းက Heat Stroke ဖြစ်သူ ၆ ဦးရှိခဲ့ပြီး ဆေးရုံလာစဉ်လမ်း၌ ၃ ဦး သေဆုံးခဲ့ရကြောင်း မှတ်တမ်းများအရ သိရသည်။
မြန်မာနိုင်ငံတွင် အပူချိန်အမြင့်မားဆုံးဒေသဖြစ်သည့် မကွေးတိုင်း၌ ပြီးခဲ့တဲ့နှစ်များက သက်ကြီးရွယ်အိုများ နားခိုနိုင်ရန် အပူရှောင်စခန်းများ ဖွင့်လှစ်ခဲ့သော်လည်း ယခုနှစ်တွင် ကပ်ရောဂါ အခြေအနေကြောင့် ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ကြောင်း ဒေသအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။
ဇေယျတု(မကွေး)


