တဖြည်းဖြည်း အပူရှိန်မြင့်မားလာတဲ့ နွေရာသီရောက်လာတဲ့အခါ အပူဒဏ်ကြောင့် ကျန်းမာရေးပြဿနာတွေ အများကြီး ဖြစ်လာရပါတယ်။ အဲဒီအထဲမှာမှ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အပူဒဏ်ကြောင့်ဖြစ်တဲ့ သတိလစ်ခြင်းကို အထူးသတိပြုကာကွယ်ဖို့ လိုအပ်လာပါတယ်။ အပူဒဏ်ကြောင့်ဖြစ်တဲ့ သတိလစ်ခြင်းကို ကြိုတင်ကာကွယ်နိုင်သလို စောစောသိပြီး ကုသမယ်ဆိုရင်လည်း အမြန်ပြန်ကောင်းနိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အဓိက အနေနဲ့ အပူဒဏ်ကြောင့် သတိလစ်ခြင်းကို စောစောသိနိုင်အောင် သတိထားရမယ့် လက္ခဏာတွေ၊ ဘယ်လိုတွေ လုပ်ဆောင်သင့်တယ်ဆိုတဲ့ အချက်လေးတွေနဲ့ မဖြစ်အောင် ဘယ်လို ကာကွယ်ရမယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။
(၁) အပူ ရှိန်ကြောင့် သတိလစ်ခြင်းဆိုတာဘာလဲ။
အပူဒဏ်ကြောင့် သတိလစ်ခြင်းဆိုတာ ခန္ဓာကိုယ်ရဲ့ အပူချိန်ဟာ ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက် ပိုများသွားပြီး ခန္ဓာကိုယ်ကမထိန်းညှိနိုင်တော့ဘဲ တက်ခြင်း၊ သလိလစ်ခြင်း စတဲ့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေဖြစ်လာနိုင်တဲ့ အပြင် အသက်ဆုံးရှုံးတဲ့ အထိဖြစ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။
(၂) အပူ ဒဏ်ကြောင့် သတိလစ်ခြင်းနဲ့ ပတ်သတ်ပြီး စောစီးစွာ သိနိုင်မယ့် ရောဂါလက္ခဏာများ။
• ကြွက်တက်ခြင်း။
• အပူကြောင့် မူးဝေခြင်း။
• ခေါင်းကိုက်ခြင်း။
• ပင်ပန်းနွမ်းနယ်ပြီး မအီမသာဖြစ်ခြင်း။
(၃) ဖော်ပြပါ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ နောက်ဆက်တွဲ သတိလစ်ခြင်း နဲ့ အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ မဖြစ်ရအောင် အမြန်ဆုံး အောက်ပါအချက်တွေကို လုပ်ဆောင်ပေးဖို့ လိုအပ်ပါတယ်။
• နေပူထဲမှာရှိနေမယ်ဆိုရင် အရိပ်ရပြီး လေကောင်းလေသန့်ရတဲ့ နေရာကို အရင်ဆုံး ရွှေ့ပြောင်းပါ။
• ရေ နဲ့ ဆားဓါတ်ကို များများပြန်ဖြည့်ပေးဖို့ ရေ၊ ဓါတ်ဆားများများသောက်ပါ။
အဲဒီ အချက်တွေကို သေသေချာချာလိုက်နာမယ် ဆိုရင်တော့ အပူဒဏ်ကြောင့် သတိလစ်ခြင်းအဆင့်ထိ မရောက်ဘဲ အမြန်သက်သာလာနိုင်ပါတယ်။
(၄) ဘယ်အချိန်မှာဆေးရုံ၊ ဆေးခန်းကို သွားသင့်လဲ။
အထက်ပါ လက္ခဏာတွေအပြင် ပျို့အန်ခြင်း၊ ကိုယ်အပူချိန် အရမ်းတက်လာခြင်း၊ အသားအရောင် ဖြူဖျော့လာခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ အသက်ရှူမြန်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ အမြန်ဆုံး ဆေးရုံကိုမသွားခဲ့ရင် အပူဒဏ်ကြောင့် သတိလစ်မေ့မျောခြင်းတွေ ဆက်ဖြစ်လာနိုင်ပါတယ်။ အပူဒဏ်ကြောင့် သတိလစ်ခြင်းဟာ အရေးပေါ်အခြေအနေ တစ်ခုဖြစ်တဲ့အတွက် အသက်ဆုံးရှုံးတဲ့ထိ မဖြစ်ရအောင် အနီးဆုံး အမြန်ဆုံး ဆေးရုံ၊ ဆေးခန်းသွားပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်း လိုက်နာဖို့ အရမ်းအရေးကြီးပါတယ်။
(၅) အပူဒဏ်ကြောင့် သတိလစ်ခြင်း မဖြစ်အောင် ဘယ်လိုကြိုတင်ပြီးကာကွယ်ကြမလဲ။
• နေရောင်အောက်မှာ တစ်နေကုန် အလုပ်လုပ်တာကို ရှောင်သင့်ပါတယ်။ လုပ်ကို လုပ်ရမယ်ဆိုရင်တော့ အရိပ်ရပြီး လေကောင်းလေသန့်ရတဲ့နေရာမှာ မကြာခဏ အနားယူပေးရပါမယ်။
• နွေရာသီမှာ အဝတ်အစားတွေကို အသားအေးပြီး ချောင်ချောင်ချိချိတွေ ဝတ်ဖို့ အကြံပေးချင်ပါတယ်။ အနက်ရောင်တွေ၊ အရောင်ရင့်ရင့်တွေက အပူကို ပိုပြီး စုပ်ယူနိုင်တဲ့ အတွက် အဖြူ (သို့) အရောင် ဖျော့ဖျော့လေးတွေ ဝတ်သင့်ပါတယ်။ နေရောင်နဲ တိုက်ရိုက်ထိတွေ့တဲ့အချိန်မျိုးမှာ ပေါ့ပါးတဲ့ ဦးထုပ်တစ်ခုခုဆောင်းဖို့လည်း အားပေးပါတယ်။
• အရမ်းပူတဲ့ အချိန်(အထူးသဖြင့် နေရောင်အောက်) မှာ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်တာ၊ Aircon လေအေးပေးစက် မဖွင့်ထားဘဲ အရမ်းပူတဲ့ အလုံပိတ်ကားထဲမှာ အကြာကြီး ထိုင်နေမိတာမျိုးကိုလည်း သတိထားပြီး ရှောင်ကြဉ်သင့်ပါတယ်။
• နောက်ထပ် အရေးကြီးဆုံးတစ်ချက်ကတော့ ရေများများသောက်ပေးဖို့ပါ။ ရေဓါတ်ခန်းခြောက်နေမယ်ဆိုရင် အပူဒဏ်ကြောင့် သတိလစ်ခြင်း ပိုဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ရေဓါတ်ပြည့်ဝအောင်နေဖို့က အရေးကြီးပါတယ်။ နေပူထဲမှာ အလုပ်လုပ်ရတဲ့ သူတွေအတွက်လည်း ရေ နဲ့ ဓါတ်ဆားတွေကို ဆောင်ထားပြီး သတိတရ သောက်ပေးဖို့ အကြံပေးချင်ပါတယ်။
• လူကြီးတွေနဲ့ ကလေးငယ်တွေ၊ ရောဂါ အခံရှိသူတွေ၊ အဝလွန်တဲ့သူတွေ၊ အရက်အများကြီး သောက်သုံးထားတဲ့သူနဲ့ အေးတဲ့ဒေသမှာ နေထိုင်ပြီး အခုမှ အပူပိုင်းဒေသမှာ ပြောင်းရွှေ့အလုပ်လုပ်တဲ့သူ စတဲ့သူတွေမှာ အပူဒဏ်ကြောင့် သတိလစ်ခြင်းဖြစ်နိုင်ခြေ ပိုများတာ ကြောင့် အဲလို လူတွေ အနေနဲ့ပိုပြီး ဂရုစိုက်ပေးသင့်ပါတယ်။
လူသားအားလုံး ပူပြင်းတဲ့ နွေရာသီမှာ အပူကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြသနာတွေကို ကာကွယ်နိုင်ကြပါစေ။
ရေးသားသူ- Phoo Ngon
ရေးသားသူ Dr. Htet Htet Zaw Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”