ဒဂုံ ၁၉ စက်တင်ဘာ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ အမှတ်(၁၀)အခြေခံပညာမူလတန်းကျောင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားရာတွင် မျက်စိအမြင်ကြည်လင် အားကောင်းစေရန်အတွက် မျက်စိအခမဲ့စမ်းသပ်ပေးမှုကို Helen Keller International အဖွဲ့မှ Project Officer ဒေါက်တာ ညီညီဇော်ဦးဆောင်သောအဖွဲ့သည် ယနေ့နံနက် ၁၀ နာရီက အဆိုပါ ကျောင်းခန်းမဆောင်၌ စတင်စမ်းသပ်ပေးကြောင်း သိရသည်။
မျက်စိအခမဲ့ စမ်းသပ်ပေးရာတွင်လည်း ကျောင်းနေအရွယ် ကလေးငယ်တိုင်း မျက်စိမှုန်ခြင်း အန္တရာယ်ကင်းဝေးစေရန် အနီးမှုန်သော ကလေးငယ်များ၊ အဝေးမှုန်သော ကလေးငယ်များနှင့်အကြောင်း အမျိုးမျိုးကြောင့် ဖြစ်တတ်သော ရောဂါလက္ခဏာများကိုပါ စမ်းသပ်ပေးပြီး မျက်စိအားနည်းသော ကလေးငယ်များအတွက်လည်း မျက်မှန်ကိုင်းများကို အခမဲ့ပေးဝေကြောင်း သိရသည်။
အဆိုပါ မျက်စိအခမဲ့စမ်းသပ်ပေးမှုကို အခြေခံပညာကျောင်းများ၌ ဆက်လက် စမ်းသပ်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)


