ရန်ကုန်  ၁၇ ဖေဖော်ဝါရီ 

 

အိန္ဒိယဘောလုံးအဖွဲ့ချုပ်က ကြီးမှူး၍ ဖေဖော်ဝါရီ ၉ ရက်မှ ၁၅ ရက်အထိ ကျင်းပခဲ့သည့် ၂၀၁၉ Hero Gold Cup အိန္ဒိယဖိတ်ခေါ် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့သည့် အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ ဒုဥက္ကဋ္ဌ ဒေါ်ဌေးဌေးခိုင်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းနှင့် အမှုဆောင်များ၊ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများမှ နည်းပြများနှင့် ကစားသမားများ၊ ဆွေမျိုးမိတ်သင်္ဂဟများက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ကြသည်။

 

မြန်မာအမျိုးသမီးအသင်းသည် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိအပြီးတွင် နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ''မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအနေနဲ့ အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲမှာ ချန်ပီယံဆုရခဲ့တဲ့အတွက် ချီးကျူးဂုဏ်ပြုပါတယ်။ အခုပြိုင်ပွဲမှာ အောင်မြင်မှုရခဲ့သလို လာမယ့် အာဆီယံအဆင့်၊ အာရှအဆင့်ပြိုင်ပွဲတွေမှာလည်း အောင်မြင်မှုတွေရအောင် ကြိုးစားစေချင်ပါတယ်''ဟု ထည့်သွင်းပြောကြားခဲ့သည်။ ယင်းနောက် အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်း (နာယက KBZ Bank)က ကျပ်သိန်း ၂၀ဝ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် (ဥက္ကဋ္ဌ၊ AYA Bank) က ကျပ်သိန်း ၂၀ဝ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမျိုးသမီးဘောလုံးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကျပ်သိန်း ၁၀ဝ၊ ဦးထွန်းနှင့် မမို့ (Poe Poe Car Company) က ကျပ်သိန်း ၅၀ စုစုပေါင်းဂုဏ်ပြုဆုငွေ ကျပ်သိန်း ၅၅၀ ပေးအပ်ချီးမြင့်သည်။ 

 

M (2)

 

မြန်မာအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲတွင် အုပ်စုပွဲများ၌ နီပေါအသင်းကို သုံးဂိုး-ဂိုးမရှိ၊ အီရန်အသင်းကို နှစ်ဂိုး-ဂိုးမရှိ၊ အိန္ဒိယအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲတွင် နီပေါအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲ၏ ချန်ပီယံဆုအပြင် အသန့်ရှင်းဆုံးအသင်းဆုကိုပါ ရရှိခဲ့ပြီး တစ်ဦးချင်းဆုများအဖြစ် အကောင်းဆုံးဂိုးသမားဆုကို ဇာဇာမြင့်၊ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားသမားဆုကို ဝင်းသိဂီထွန်း၊ သွင်းဂိုးအများဆုံးဆုကို ရီရီဦး (နီပေါကစားသမားနှင့် ပူးတွဲ) တို့က ရရှိခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ယင်းပြိုင်ပွဲတွင် ပွဲတိုင်းအနိုင်ရကာ ချန်ပီယံဆုရခဲ့ခြင်းဖြစ်ပြီး အောင်မြင်မှုနှင့် ဝေးကွာနေသည့် မြန်မာအမျိုးသမီးဘောလုံးလောကအတွက် အောင်မြင်မှုတစ်ခုဖြစ်ခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် တစ်ကျော့ပြန်အောင်မြင်မှုရယူနိုင်ရန်အတွက် လူငယ်ကစားသမားများနှင့် စီနီယာကစားသမားများ ပြန်လည်ပေါင်းစပ်ကာ ပြိုင်ပွဲများ ယှဉ်ပြိုင်နေချိန်တွင် ယခုပြိုင်ပွဲတွင် အောင်မြင်မှုရရှိခဲ့ခြင်းမှာ လာမည့်ပြိုင်ပွဲများအတွက် အင်အားဖြစ်စေခဲ့သလို အောင်မြင်မှုများ ထပ်မံရယူနိုင်ရန်အတွက်လည်း တွန်းအားတစ်ရပ်ဖြစ်စေခဲ့သည်။ 

 


သတင်း-ညီမြတ်သော်တာ


ဓာတ်ပုံ-စိုးညွန့်

 

M (3)