ဂျီနီဗာ  နိုဝင်ဘာ  ၉

 

ဟေတီနိုင်ငံတွင်     ဆက်တိုက်ဖြစ်ပေါ်နေသော    ပဋိပက္ခများကြောင့်       လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကျပ်အတည်းမှာ   ဆက်လက်ဆိုးရွားလျက်ရှိကြောင်း    ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၈    ရက်တွင်    ပြုလုပ်သော နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌     ပြောသည်။

 

ကုလသမဂ္ဂ  လူ့အခွင့်အရေး ၏ထုတ်ပြန်ချက်အရ ဟေတီနိုင်ငံ၌ ယခုနှစ်ဇန်နဝါရီလနှင့် စက်တင်ဘာလကြားတွင် လူပေါင်း ၄၉၀၀  နီးပါးသေဆုံးမှုဖြစ်ပွားကြောင်း၊ ထို့ပြင် လူပေါင်း ၇၀၀၀၀၀ ကျော် မှာလည်း ပြည်တွင်းနေရပ်စွန့်ခွာ    ထွက်ပြေးကြရကြောင်းနှင့် ထက်ဝက်ကျော်မှာ  ကလေးငယ်များဖြစ်ကြောင်း သိရသည်။

 

စားရေရိက္ခာ မလုံလောက်မှု ဆက်လက်မြင့်မားလျက်ရှိပြီး နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သည့်  လူပေါင်း  ၅ ဒသမ ၄သန်းခန့်မှာ  ဆာလောင်မွတ်သိပ်မှုဘေးနှင့်      ကြုံတွေ့နေရသည်ဟု ဆိုသည်။    ဟေတီနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူး ရစ်ချတ်ဆန်သည် ဟေတီနိုင်ငံ၏    အခြေအနေမှာ အလွန်  ဆိုးရွားလျက်ရှိကြောင်း ယခုသီတင်းပတ်အစောပိုင်းတွင် သတိပေးထားသည်။

 

ကုလသမဂ္ဂနှင့်    မိတ်ဖက်အဖွဲ့အစည်းများသည်   ဟေတီနိုင်ငံအတွင်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ     အကူအညီများ   ဆက်လက်ပံ့ပိုးပေးလျက်ရှိသည်။

 

ယခုနှစ်    ပထမနှစ်ဝက်အတွင်း   လူပေါင်း  ၁  ဒသမ ၉ သန်းနီးပါးကို စားရေရိက္ခာနှင့် ငွေသားအပါအဝင်   လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးအပ်ခဲ့ကြောင်း သိရသည်။

 

လူသားချင်း  စာနာထောက်ထားမှုဆိုင်ရာ   အကျပ်အတည်း ဆိုးရွားလျက်ရှိသော ဟေတီနိုင်ငံ ၌    မြင့်မားလာသော  လိုအပ်ချက်များကို  ဖြည့်ဆည်းပေးနိုင်ရန်     ထောက်ပံ့ကူညီမှုများစွာ လိုအပ်လျက်ရှိသည်။    

 

ဆင်ဟွာ