HIB ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် ဦးနှောက် အမြှေးရောင်ရောဂါ ကာကွယ်ခြင်းနှင့် ကုသခြင်း

နေပြည်တော် ၂၇ မတ်

        Hib ဘက်တီးရီးယားပိုးသည် (၅)နှစ်အောက်ကလေးများ အထူးသဖြင့် အသက်(၂)နှစ်အောက် ကလေးများတွင် ဖြစ်ပွားသော ပြင်းထန် အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင် ရောဂါများကို ကူးစက်ဖြစ်ပွားစေပါသည်။ Hib ရောဂါပိုး သယ်ဆောင်ထားပြီး ရောဂါလက္ခဏာမပြဘဲ ကျန်းမာနေသည့် ကလေးများနှင့် ရောဂါလက္ခဏာ ခံစားနေရသော ကလေးများမှတစ်ဆင့် ရောဂါကူးစက် ပြန့်ပွားစေပါသည်။

 

       ရောဂါရှိသူက ချောင်ဆိုး၊ နှာချေသောအခါ ထွက်လာသော ရောဂါပိုးပါဝင်သည့် အမှုန်အမွှားများ အသက်ရှူလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းမှတစ်ဆင့် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပြန့်ပွားသည်။

 

       အဆုတ်ရောင် ရောဂါဖြစ်ပွားသော ကလေးသည် ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမြန်ခြင်းနှင့် ရင်ဘတ်ချိုင့်ဝင်ခြင်းများ ဖြစ်တတ်သည်။

 

        ဦးနှောက်အမြှေးရောင် ရောဂါဖြစ်သော ကလေးများသည် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင်မကြည့်နိုင်ခြင်း၊ ဇက်တောင့်ခြင်း၊ စိတ်ရှုပ်ထွေးခြင်းနှင့် သတိလစ်ခြင်းများ ဖြစ်တတ်သည်။

 

        ထိရောက်စွာ ကုသမှုမပြုပါက သေဆုံးနိုင်ပါသည်။

 

        ဦးနှောက်အမြှေးရောင် ရောဂါဖြစ်ပွားပြီးနောက် အသက်ရှင်ကျန်ရစ်သော ကလေး ၄၀% ခန့်အထိ ဦးနှောက်ပျက်စီးခြင်း အပါအဝင် အမြဲတမ်း ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ မသန်စွမ်းမှုများဖြစ်ခြင်း၊ ဉာဏ်ရည်မမီခြင်း၊ နားပင်းခြင်းများ ဖြစ်ပွားတတ်ပါသည်။

 

        Hib ပြင်းထန်အဆုတ်ရောင်ရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါဘီ၊ Hib ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေး (Pentavalent Vaccine) ဖြင့် ကာကွယ်နိုင်ပါသည်။ Hib ပါဝင်သော ငါးမျိုးစပ်ကာကွယ်ဆေးကို ကလေးအသက်(၂)လ၊ (၄)လ၊ (၆)လ အရွယ်တွင် ဘယ်ဘက်ပေါင် အလယ်ပိုင်း အရှေ့ဘက် ကြွက်သားထဲသို့ (၃)ကြိမ် ထိုးနှံပေးပါသည်။

 

ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့်  ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။

 

MDN