ရန်ကုန် ၂၆ သြဂုတ်
အောင်သီရိရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးထားသည့် `` ဟီးဟီး ဟားဟား´´ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်းအကြိုမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲက ရန်ကုန်မြို့၊ သမ္မတ အဆင့်မြင့်ရုပ်ရှင်ရုံ၌ပြသခဲ့ပြီး သြဂုတ် ၃၁ ရက်မှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံကြီးများတွင် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဇာတ်ကားတွင် မြင့်မြတ်၊ ရွှေမှုံရတီ၊ တက္ကသိုလ် ဂွမ်းပုံ၊ ညောင်ညောင်၊ ငှက်ပျောကြော်၊ ဇော်ဝင်းနိုင်(မန်း)၊ ဂွမ်းပုံကြီး၊ ကေညီ၊ နေလင်း၊ ကစ်ကစ်၊ အေးအေးခိုင်၊ နှိုင်းယှဉ်မြင့်မိုရ် နှင့် အခြားသောအနုပညာရှင်များပါဝင်ပြီး ဇာတ်ကားမှာ အမြတ်ကြီးစား ဝိသမလောဘသမားများထံမှ ရွှေငွေများကို ဓားပြတိုက်ပြီး ချို့တဲ့သူတို့အား ပြန်လည်မျှဝေပေးသည့် အမျိုးသမီး ဓားပြအဖွဲ့ကို စိတ်ကူးယဉ် ပုံဖော်ရိုက်ကူးထားသည့် ဟာသဇာတ်ကားကြီးဖြစ်ကြောင်း သိရသည်။
ဒါရိုက်တာ ပြည်ဟိန်းသီဟက``ရွှေမှုံရတီဆိုလည်း ဒီဇာတ်ကားမှာ ထူးထူးခြားခြား ဓားပြဗိုလ်မလေးလုပ်ရတဲ့ ပုံစံမျိုးဆိုတော့ သူရဲ့ဇာတ်ရုပ်နဲ့ လိုက်တယ်လို့ထင်တယ်။ ကိုမြင့်မြတ်ကလည်း ဇာတ်ရုပ်အစုံ လုပ်နိုင်တဲ့သူဆိုတော့ သူနဲ့လိုက်ဖက်တယ်ဆိုပြီး ရွေးချယ်ခဲ့တာပါ။ ဒီကားကို ၂၀၁၆ ခုနှစ် လောက်ကရိုက်ခဲ့တာပါ။ ကျေနပ်အားရမှုရှိပါတယ်။ အချိန်အများကြီးရတဲ့အတွက် ကြောင့် အကောင်းဆုံးပြင်ဆင်ပြီးမှ ရုံတင်တာပါ။ ဟာသကားဖြစ်တဲ့အတွက် ထူးထူးခြားခြား သင်ခန်းစာ ပေးတာမျိုးတော့ မရှိပါဘူး။ ပရိတ်သတ်တွေအနေနဲ့ လာရောက်ကြည့်ရှုတဲ့ အချိန်မှာ သောကတွေ ခဏတာ ပြေပျောက်သွားရင် ကျွန်တော်တို့ အတွက်ပြည့်စုံ လုံလောက်ပါပြီ´´ ဟုပြောသည်။
သရုပ်ဆောင် ရွှေမှုံရတီ က``ဒီကားထဲမှာဓားပြဗိုလ်မလေးပါ။ ဒီလိုဇာတ်ရုပ်မျိုးကို တစ်ခါမှမရိုက်ဖူးသေးပါဘူး။ ဒီဇာတ်ကားက ပထမဆုံးပါ။ ဒီဇာတ်ကားလေးနဲ့ ပတ်သက်ပြီး ကျေနပ်အားရမှုရှိပါတယ်။ ဒီကားမှာ မျက်နှာ အမူအရာ တော်တော်များများ သုံးထားရတယ်။ အမှတ်တရတွေကတော့ အများကြီးရှိခဲ့ပါတယ်´´ ဟုပြောသည်။
သရုပ်ဆောင် ကေညီက``ဒီဇာတ်ကားလေးထဲမှာဆိုရင် ကျွန်တော်ကဓားပြပါ။ ဒါပေမယ့် ရိုးရိုးဓားပြတော့ မဟုတ်ပါဘူး။ ဓားပြအခြောက်တစ်ယောက်ပါ။ ဇာတ်ရုပ်ပိုင်းက ကျွန်တော့်အတွက် လုပ်ရတာ နည်းနည်းလေးဆန်းပါတယ်။ ဓားပြဆိုတော့ မာမာထန်ထန်နေပြီးတော့ ပျော့ပြီးခြောက်နေ ရတာမျိုးပါ။ လုပ်ကွက်လေးတွေအပေါ် ကျေနပ်အားရပါတယ်။ ဟီးဟီးဟားဟား ဆိုပြီး နာမည်ကြည့်ရုံနဲ့ ပေါတောတော မထင်ပါနဲ့ တကယ့်ကို ဇာတ်လမ်း၊ ဇာတ်ကွက်တိုင်းမှာ သဘာဝကျကျ ရီရအောင် အားလုံးက ကြိုးစားထားကြတယ်။ ဒီကားလေးကို လာကြည့်ရင်းနဲ့ ဘဝအမောတွပြေမယ်လို့ ယုံကြည်ပါတယ်´´ ဟုပြောသည်။
သရုပ်ဆောင် ဂွမ်းပုံကြီးက ``တစ်ခြားဇာတ်ကားတွေထဲမှာဆိုရင် ဓားပြလုပ်တဲ့သူ၊ လူဆိုးလုပ် တဲ့ဇာတ်ရုပ်တွေကို မင်းသားတွေနဲ့ ဇာတ်ပို့၊ ဇာတ်ရံတွေက သာလုပ်ကြတယ်။ ဒီကားမှာတော့ မင်းသမီးကိုယ်တိုင်က ဓားပြဗိုလ်လုပ်တယ်ဆိုတော့ တစ်ခြားဇာတ်ကားတွေနဲ့ယှဉ်ရင် နည်းနည်းကွဲထွက်သွားတဲ့ဇာတ်ကားပါ။ ဟာသကားတော့ ဟာသကားပါပဲ။ ဒါပေမယ့် တစ်မူကွဲပြားသွားတဲ့ ဟာသကားလေးဖြစ်ပါလိမ့်မယ်။ အားလုံးလာရောက်အားပေးကြပါ´´ ဟုပြောသည်။
သတင်း-ဇော်ကြီး၊ ဓာတ်ပုံ-ဖေဇော်