၉ ဩဂုတ်

 

လောကဓံတရား၏ လှိုင်းတံပိုးရိုက်ပုတ်မှုများကို လတ်တလောတွေ့ကြုံခံစားနေရပြီး “ထွက်တော်မူ နန်းကခွာ” လိုက်ရသည့် ပုဂ္ဂိုလ်တစ်ဦးသည်ကား ယွန်ကာလို့စ် ဆိုသူဖြစ်ပြီးလျှင် သူသည် သူ၏အမိ နိုင်ငံတော်ကို ကျောခိုင်း၍ ပြည်ပသို့ထွက်ခွာကာ ပြည်ပြေးနန်းကျဘုရင်တစ်ပါးအဖြစ် ဆက်လက်၍ စံမြန်း သွားတော့မည်ဟူသော သတင်းတစ်ပုဒ်ကို ကျွန်ုပ်ဖတ်ရှု ရသောအခါ “ဖြစ်ပြန် ပျက်ပြန် လောကဓံ” တရားနှင့် အညီ ပျံလွှားငှက်ငယ်ပမာ မြင့်တစ်ချီ နိမ့်တစ်လှည့် ဘဝမျိုးစုံတွင် အဖုံဖုံအဖန်ဖန် ကျင်လည်ရတတ်သည့် “ကံတရား” ၏ ပဉ္စလက်ဆန်သော သဘောတရားကို စေ့ငုလေ့လာမိလေ၏။

 

ယွန်ကာလို့စ် ဆိုသူသည်ကား ဥရောပတိုက်၏ အီဘာရီယန်ကျွန်းဆွယ်ပေါ်ရှိ စပိန်နိုင်ငံ၏ ဘုရင်ဟောင်း တစ်ဦးပါပေတည်း။

 

လတ်တလောဖြစ်ပေါ်လာသည့် အခြေအနေ၏ တွန်းပို့မှုကြောင့် သူ၏ကံကြမ္မာမှာ ချက်ချင်းလက်ငင်း တလိမ့်ခေါက်ကွေးဖြစ်ရပြန်သော် အမိနိုင်ငံတော်ကို စွန့်ခွာသွားရသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် သမိုင်းတွင်ရစ် ပေလိမ့်မည်။

 

“ထွက်တော်မူ နန်းကခွာ”

 

နန်းစွန့်ခဲ့ပြီးလေသော ဘုရင်ဟောင်းကြီးတစ်ပါး သူ၏နိုင်ငံတော်မှ ထွက်ခွာသွားပြီဆိုသော သတင်း တစ်ပုဒ်သည် ဩဂုတ်လ ၃ ရက်တွင် စတင်ပေါ်ထွက်လာ ခဲ့ချိန်မှစ၍ အံ့ဩဘနန်းဖြစ်ရလောက်သော သူ၏ “ထွက်တော်မူ နန်းကခွာ” ဖြစ်စဉ်ကို တစ်ကမ္ဘာလုံးက လေ့လာစောင့်ကြည့်နေကြကုန်၏။

 

ထူးထွေတည့်အံ့ရာသော် ဖြစ်ကြရသည့် လူအပေါင်းက ယွန်ကာလို့စ် ဘယ်အရပ်၊ ဘယ်ဌာနီသို့ ယွန်းလေသနည်းဟူ၍ တဝဲလည်လည် စောင့်ကြည့်နေကြ စဉ်မှာပင် ဩဂုတ်လ ၈ ရက်တွင် ပေါ်ထွက်လာသော သတင်းတစ်ပုဒ်အရ သူသည် အဘူဒါဘီဟုအမည်တွင် သော အာရပ်စော်ဘွားများ ပြည်ထောင်စု၏မြို့တော်သို့ ရောက်ရှိနေပြီဟု ကျွန်ုပ်သိရှိရလေသည်။ ပါရှား(အာရေဗျ) ပင်လယ်ကွေ့ရှိ ကျွန်းကြီးပေါ်တွင်တည်ရှိသော အဘူဒါ ဘီမြို့သို့ ပုဂ္ဂလိကပိုင် လေယာဉ်တစ်စင်းဖြင့် ဘုရင် မင်းမြတ်ဟောင်း ယွန်ကာလို့စ် ဆိုက်ရောက်လာပြီ ဆိုသည့် သတင်းတစ်ပုဒ်ကို စပိန်ဘာသာစကားဖြင့် ထုတ်ဝေသော “အေဘီစီ” အမည်ရှိ သတင်းစာကြီးတွင် တခမ်းတနား ရေးသားဖော်ပြထားသည်ဆို၏။

 

ယွန်ကာလို့စ်သည် ယင်းမြို့ရှိ ကြယ်ငါးပွင့်အဆင့် ဇိမ်ခံဟိုတယ်ကြီးတစ်လုံးဖြစ်သော “စော်ဘွားများ နန်းတော်” ဟိုတယ်တွင် တည်းခိုလျက်ရှိသည်ဟု သတင်းစာတွင် ဖော်ပြထားသည်။

 

အဂတိလိုက်စားမှု အရှုပ်တော်ပုံ(ဝါ) စာရိတ္တ ခြစား မှု အရှုပ်တော်ပုံစွဲချက်များ ပေါ်ထွက်လာနေချိန်တွင် ကြားရ နားဝမချမ်းသာ အသံဗလံများကို ခံစားနိုင်ခြင်း မရှိသည့်အဆုံး မိခင်တိုင်းပြည်မှ ထွက်ခွာသွားရန် မိမိ ဆုံးဖြတ်လိုက်သည်ဟု ယွန်ကာလို့စ်က ဩဂုတ်လ ၃ ရက်တွင် ဆိုင်းမပါ ဗုံမဆင့် ရုတ်ချည်း ထုတ်ပြန်ကြေညာ လိုက်လေသော် ပြည်သူပြည်သားအပေါင်းနှင့်တကွ ကမ္ဘာသားတို့က ပျစ်ပျစ်နှစ်နှစ် ရှိလှသည့် ယင်းဆုံးဖြတ် ချက်အပေါ် ရင်သပ်ရှုမော အံ့ဩမကုန်ဖြစ်ကြရလေ၏။

 

ထွက်ခွာသွားခဲ့

 

ယွန်ကာလို့စ်၊ သူ၏ သက်တော်စောင့် လေးဦးနှင့် အခြားပုဂ္ဂိုလ်တစ်ဦးတို့ကို တင်ဆောင်နိုင်ရန် ပုဂ္ဂလိက လေယာဉ်တစ်စင်း စပိန်နိုင်ငံ အနောက်မြောက်ပိုင်း ဗီဂိုမြို့သို့ ဆိုက်ရောက်လာခဲ့ပြီးနောက် ပြင်သစ်နိုင်ငံ မြို့တော် ပါရီမှသည် ယူအေအီးနိုင်ငံ မြို့တော် အဘူဒါ ဘီဆီသို့ ဦးတည်ပျံသန်းထွက်ခွာသွားခဲ့သည်ဟု သတင်းစာက ရေးသားဖော်ပြသည်။

 

ဩဂုတ်လ ၃ ရက် နံနက်ခင်းတွင် ပြည်ပသို့ ထွက်ခွာ သွားခဲ့သော ယင်းလေယာဉ်နှင့်အတူ လိုက်ပါသွားခဲ့ကြ သည့် ယွန်ကာလို့စ်နှင့် အခြွေအရံတစ်သင်းသည် အဘူဒါ ဘီမြို့ရှိ အယ်လ်ဘာတင်းလေဆိပ်သို့ ဆိုက်ရောက်လာ ခဲ့ပြီးသကာလ သူတို့ကို “စော်ဘွားများနန်းတော်” ဟိုတယ် သို့ ပို့ဆောင်နိုင်ရန် လေဆိပ်တွင် အသင့်စောင့်ဆိုင်းနေ သော ရဟတ်ယာဉ်တစ်စင်းက ဝန်ဆောင်မှုပေးခဲ့လေသည်။

 

ယွန်ကာလို့စ် အဖြစ်သနစ်နှင့်ပတ်သက်၍ ယူအေအီး အစိုးရအရာရှိများက လတ်တလော မှတ်ချက်စကားမဆို ကြချေ။ အဆိုပါဟိုတယ်၏ဝန်ထမ်းများကလည်း သတင်း ထောက်များ၏ စနည်းနာမှုကို လက်ခံဖြေဆိုကြခြင်း မရှိကြပေ။

 

ထိုစဉ်အတွင်း ဘုရင်မင်းမြတ်ဟောင်း ယွန်ကာလို့စ် ဒိုမီနီကန်သမ္မတနိုင်ငံရှိ အပန်းဖြေရိပ်သာတစ်ခုခုသို့ ရောက်ရှိကောင်း ရောက်ရှိနိုင်သည်ဟု မီဒီယာအချို့က ထင်ကြေးပေး ရေးသားဖော်ပြခဲ့ကြသေးသည်။

 

မီဒီယာအချို့ကမူ ယွန်ကာလို့စ် ငယ်စဉ်ဘဝက ကာလအတန်ကြာ နေထိုင်ခဲ့ဖူးသော ပေါ်တူဂီနိုင်ငံသို့ ရောက်ရှိသွားသည်ဟူသည်မျိုး ဖော်ပြကြပြန်သည်။ စပိန် နန်းတော် ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယွန်ကာလို့စ် ဘယ်အရပ် ဌာနေသို့ ရောက်နေသည်ကို မိမိ မသိရှိပါကြောင်း “ဘူး” တစ်လုံးဆောင်ခဲ့သည်။

 

သက်တော် ၈၁ နှစ်အရွယ်ရောက်ခါမှ မတည်မငြိမ်၊ မအေးမချမ်းဖြစ်ရပုံအတွက်လည်း ပြည်သူတို့ ကရုဏာသက်ကြရ၏။ လောလောလတ်လတ် အပူဇာတ်ခင်းရလေပြီလော ဟု တုန်လှုပ်မိသူများကလည်း အရေအတွက်ဒုနှင့်ဒေး။

 

နန်းတော်ကြီးကို ကျောခိုင်း၍

 

လောကဓံတရားနှင့်အညီ သရုပ်ဖော်နေရသည့် ယွန်ကာလို့စ်သည် လာဘ်ပေါများခြင်း(လာဘ)၊ အခြံအရံ များပြားခြင်း(ယသ)၊ စိန်စီသောလမ်းပေါ် လျှောက်လှမ်းနိုင် သော တော်ဝင်အသိုက်အဝန်းအဖြစ် လောကအလယ် မျက်နှာထည်ကာ ချီးကျူးထောမနာပြုခံရခြင်း(ပသံသာ)၊ ချမ်းသာခြင်းတည်းဟူသာ ကာမဂုဏ်အာရုံများနှင့် ပြည့်စုံ ခြင်း(သုခ)တို့ အတိပြီးလေသော နန်းတော်ကြီးကို ကျောခိုင်း ၍ တိုင်းတစ်ပါးပြည်ရွာတွင် မထင်မရှား ဘဝနိဂုံးချုပ်ရမည့် အသွင်ကို ထင်ဟပ်ပြသလျက်ရှိလေသည်။

 

ယွန်ကာလို့စ်သည် အဂတိလိုက်မှုအရှုပ်တော်ပုံ တစ်ရပ်အရ စပိန်တရားရုံးချုပ်၏ ပဏာမစုံစမ်းစစ်ဆေးမှု နှင့် ဇွန်လတွင် ရင်ဆိုင်ခဲ့ရပြီးနောက်ဝယ် တိုင်းတစ်ပါးသို့ သွားရောက်ခိုလှုံလိုက်ရသည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ပုံရိပ် ပေါ်လာလေပြီ။

 

ယွန်ကာလို့စ်သည် ဆော်ဒီအာရေဗျနိုင်ငံတွင် အကောင် အထည်ဖော်မည့် အမြန်ရထားလမ်းဖောက်လုပ်ရေး စီမံ ကိန်းနှင့်ဆက်နွှယ်နေသည့် လာဘ်ပေးလာဘ်ယူ အရှုပ်တော် ပုံအတွင်း သက်ဆင်းခဲ့ရသည်။ သူသည် ယခုအခါ နတ်ရွာစံ လေပြီးဖြစ်သော ထိုစဉ်က ဆော်ဒီဘုရင်မင်းမြတ်ထံမှ ဒေါ်လာသန်း ၁၀၀ လက်ခံရရှိခဲ့သည်ဆိုသော သတင်း တစ်ပုဒ်ကို ဆွစ်ဇာလန်နိုင်ငံတွင်ထုတ်ဝေသော “လာထရီ ဗြွန်းဒီ ဂျီနီဗီ” သတင်းစာတွင် ရေးသားဖော်ပြခဲ့ပြီးနောက် ဆွစ်ဇာလန် အစိုးရကလည်း သူနှင့်ပတ်သက်၍ စုံစမ်း စစ်ဆေးမှုတစ်ရပ် ပြုလုပ်ခဲ့သည်။

 

ဘုရင်မင်းမြတ်ဟောင်း ယွန်ကာလို့စ်ကို တရားဝင် စုံစမ်းစစ်ဆေးခြင်း မရှိခဲ့ချေ။ ယွန်ကာလို့စ် ကိုယ်တိုင်ကမူ သူ့အပေါ် စွပ်စွဲမှုများနှင့်ပတ်သက်၍ မှတ်ချက်ပြု ပြောကြားရန် သူ၏ရှေ့နေမှတစ်ဆင့် အတွင်တွင် ငြင်းဆို ခဲ့လေသည်။

 

ယခုအချိန်တွင်မူ ယွန်ကာလို့စ် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို သူ၏ ရှေ့နေကရော၊ တော်ဝင်အသိုက် အဝန်းကရော၊ အစိုးရကပါ ငြင်းဆိုနေကြဆဲဖြစ်သည်။

 

လာဘ်စားခဲ့သလော

 

ဘုရင်မင်းတရားကြီးကိုယ်တိုင် လာဘ်စားခဲ့ သလောဟု ထင်ယောင်ထင်မှား ဖြစ်စေသည့် စွပ်စွဲချက်များ မှာ ကျော်မကောင်း ကြားမကောင်း သတင်းပျံ့နှံ့ခဲ့၏။

 

၂၀၁၄ ခုနှစ်တွင် နန်းစွန့်ခဲ့ချိန်အထိ စပိန်နိုင်ငံကို အုပ်စိုးတော်မူခဲ့သော ယွန်ကာလို့စ်သည် ဘဝနိဂုံးပိုင်းတွင် ကံမကောင်း အကြောင်းမလှဖြစ်ခဲ့ရလင့်ကစား သမိုင်း စာအုပ်များတွင်မူ သူသည် “သူရဲကောင်းတစ်ဦး” အဖြစ် နာမည်တွင်ရစ်ခဲ့လေသည်။

 

၁၉၃၈ ခုနှစ်တွင် အီတလီနိုင်ငံ ရောမမြို့၌ မွေးဖွား ခဲ့သူ ယွန်ကာလို့စ်သည် ၁၃ ဆက်မြောက် အယ်လ်ဖွန်းဆိုး ဘုရင်မင်းမြတ်၏ မြေးတော်ဖြစ်သည်။ သူသည် နယ်စား မျိုးနွယ်ဝင် ဖြစ်ခဲ့သည်။

 

ဗူးဗွန်းမင်းဆက်သည် ၁၇၁၃ ခုနှစ်တွင် ပဉ္စမမြောက် ဖီးလစ်ဘုရင် စိုးစံသည့် အချိန်မှစ၍ စပိန်နိုင်ငံကို အုပ်စိုးခဲ့ သည်။ ၁၈၃၃ ခုနှစ်တွင် သတ္တမမြောက် ဖာဒီနန် ဘုရင် နတ်ရွာစံပြီးနောက် တန်ခိုးအာဏာမှေးမှိန်သွားခဲ့သော ဗူးဗွန်းမျိုးနွယ် နန်းဆက်သည် ယွန်ကာလို့စ်လက်ထက်တွင် ပြန်လည်ရှင်သန်လာခဲ့ကြောင်း အတိတ်သမိုင်းကြောင်းကို ကျွန်ုပ်လေ့လာဖတ်ရှုရ၏။

 

တပ်မတော်တွင် ဗိုလ်ကြီးအဆင့်အထိ တာဝန် ထမ်းဆောင်ခဲ့သော ယွန်ကာလို့စ်သည် တက္ကသိုလ်ပညာရပ် များကို ဆက်လက်ဆည်းပူးလေ့လာခဲ့သည်။

 

၁၉၆၂ ခုနှစ်တွင် ဂရိနိုင်ငံ ဘုရင်ပေါ၏ သမီးတော် ဆိုဖီယာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်ခဲ့သည်။ သားသမီးရတနာသုံးဦး ထွန်းကားသည်။

 

ယွန်ကာလို့စ်သည် ဘဝအတွေ့အကြုံရရှိစေရန် အစိုးရဌာနများတွင် ဝင်ရောက်လုပ်ကိုင်လေ့ကျင့်ခဲ့သည်။ ဒေသန္တရဗဟုသုတရရှိစေရန် နိုင်ငံတစ်ဝန်းသို့ မကြာမကြာ ခရီးလှည့်လည်ခဲ့သည်။

 

၁၉၆၉ ခုနှစ်တွင် စပိန်ပါလီမန်က ယွန်ကာလို့စ်အား “မင်းသားဘွဲ့” အပ်နှင်း၍ နိုင်ငံတော်၏ အဓိပတိရာထူးကို ဆက်ခံမည့်ပုဂ္ဂိုလ်အဖြစ် ကြေညာခဲ့သည်။ ၁၉၇၄ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ နိုင်ငံတော်အဓိပတိ ဗိုလ်ချုပ်ကြီးဖရန်ကို နာမကျန်းဖြစ်နေစဉ်တွင် ယွန်ကာလို့စ်သည် နှစ်ကြိမ် တိုင်တိုင် အဓိပတိတာဝန်ကို ထမ်းဆောင်ခဲ့သည်။

 

စည်းမျဉ်းခံဘုရင်

 

၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၂၀ ရက်တွင် ဗိုလ်ချုပ်ကြီး ဖရန်ကို ကွယ်လွန်သည့်အခါ ယွန်ကာလို့စ်သည် စပိန် နိုင်ငံ၏ စည်းမျဉ်းခံဘုရင်မင်းမြတ်အဖြစ် ခံယူတော်မူခဲ့သည်။

 

အာဏာရှင်တစ်ဦးအဖြစ် အမည်တွင်ခဲ့သော ဗိုလ်ချုပ်ကြီး ဖရန်ကို၏ အာဏာရှင်အုပ်စိုးမှုစနစ်ကို ပယ်ဖျက်ကာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့သည်။

 

စပိန်ပြည်တွင်းစစ်ကာလ (၁၉၃၆-၁၉၃၉)တွင် ဒုတိယမြောက် စပိန်သမ္မတနိုင်ငံတော်အား တွန်းလှန်

 

ဖြိုဖျက်ခဲ့သော အမျိုးသားရေးဝါဒီတပ်ဖွဲ့များကို ဗိုလ်ချုပ်ကြီး ဖရန်ကိုက ဦးဆောင်ခဲ့သည်။ ပြည်တွင်း စစ်အပြီးတွင် ဗိုလ်ချုပ်ကြီး ဖရန်ကိုက စပိန်နိုင်ငံကို ၁၉၃၉ ခုနှစ်မှ ၁၉၇၅ ခုနှစ်အထိ အုပ်စိုးခဲ့သည်။ သူသည် အာဏာရှင် အုပ်စိုးသူအဖြစ် အမည်တွင်ရစ်သည်။

 

ယွန်ကာလို့စ်သည် စည်းမျဉ်းခံဘုရင်စနစ်အရ နိုင်ငံ ကိုအုပ်စိုးခဲ့ပြီး မင်းကျင့်တရားနှင့်အညီ အုပ်စိုးခဲ့သူအဖြစ် ဆယ်စုနှစ်ပေါင်းများစွာကြာအောင် နာမည်ကောင်း ရရှိ ခဲ့သည်။ ယွန်ကာလို့စ် ၂၀၁၄ ခုနှစ်တွင် နန်းစွန့်ခဲ့ချိန်အထိ စပိန်နိုင်ငံကို နှစ်ပေါင်း ၄၀ ကြာ အုပ်စိုးခဲ့သည်။

 

ထိုသို့ဖြစ်လင့်ကစား ယွန်ကာလို့စ် ဘဝနိဂုံးပိုင်း ရောက်ချိန်တွင် လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံအတွင်း သက်ဆင်းခဲ့ရပေရာ စပိန်ဘုရင်စနစ်၏ ဂုဏ်သတင်းမှာ အစွန်းအထင်းပေကျံရခြင်းဖြစ်သည်။

 

တောကစားထွက်

 

သက်ဦးဆံပိုင် ဘုရင်စနစ်ကို လက်မခံဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာသည့် စည်းမျဉ်းခံ ဘုရင်စနစ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးများကို ပြုလုပ်ခဲ့ သူအဖြစ် သမိုင်းမော်ကွန်းဝင်ခဲ့သော်လည်း စပိန်နိုင်ငံတွင် စီးပွားရေး အကျပ်အတည်းဆိုက်ချိန်၊ ပြည်သူများ အလုပ် အကိုင်အခွင့်အလမ်း ဆုံးရှုံးနေရချိန်အတွင်း ၂၀၁၂ ခုနှစ် ဧပြီလတွင် တောကစားထွက်ရန် အာဖရိကတိုက်ရှိ ဘော့ဆွာနာနိုင်ငံသို့ ခရီးသွားရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ပြည်သူများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

 

ယွန်ကာလို့စ်သည် ဘော့ဆွာနာနိုင်ငံတွင် ဆင်မုဆိုး အဖြစ် တောကစားထွက်မည့်ခရီးစဉ်ကို ပြည်သူများအား အသိမပေးဘဲ တိတ်တဆိတ်သွားရောက်ရန် ကြံစည်ခဲ့ သော်လည်း တောကစားထွက်ရင်း လိမ့်ကျရာမှ တင်ပါးဆုံရိုး ထိခိုက်ခဲ့ရကာ မဒရစ်မြို့ရှိဆေးရုံတွင် ခွဲစိတ် ကုသမှုခံယူရသဖြင့် ပျော်ပွဲစားခရီးစဉ်လျှို့ဝှက်ချက် ပေါက်ကြားခဲ့ရလေသည်။

 

စပိန်နိုင်ငံသည် သုံးနှစ်တာကာလအတွင်း ဒုတိယအကြိမ် စီးပွားရေး ဆုတ်ယုတ်မှုကာလကို ဖြတ်သန်းရချိန်၊ အစိုးရဘတ်ဂျက်အသုံးစရိတ် ဖြတ်တောက်လျှော့ချခြင်း၊ အခွန်အတုတ်များ တိုးမြှင့်ကောက်ခံခြင်းတို့ကို ပြုလုပ် နေရချိန်တွင် ဘုရင်မင်းမြတ်ကိုယ်တိုင် တောကစားထွက် လျှောက်လည်ခြင်းကို ပြည်သူတို့က ကဲ့ရဲ့ဝေဖန်ခဲ့ကြသည်။

 

ထို့နောက်တွင် ဘုရင်မင်းမြတ်၏ သားမက်တော် အာဒန်ဂါရင် ပတ်သက်နေသော အဂတိလိုက်စားမှုအရှုပ် တော်ပုံ ပေါ်ပေါက်လာပြန်ကာ တော်ဝင်မိသားစုပုံရိပ် မှေးမှိန်သွားခဲ့ရသည်။ ယွန်ကာလို့စ်နှင့် မိဖုရားကြီး ဆိုဖီယာတို့၏ သမီးထွေး ခရစ္စတီးနား၏ ကြင်ရာတော် အာဒန်ဂါရင်သည် ၂၀၀၄ ခုနှစ်မှစ၍ အားကစားသမား တစ်ဦးဘဝမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဘဝသို့ ကူးပြောင်းခဲ့သူဖြစ်ပြီး အားကစားပွဲများအတွက် လျာထားသော ပြည်သူ့ရန်ပုံငွေများအနက်မှ ယူရိုငွေ ခြောက်သန်းခန့်ကို သူ၏ဖောင်ဒေးရှင်းမှတစ်ဆင့် အလွဲသုံးစားပြုလုပ်ခဲ့သည်။ သူသည် ယင်းအရှုပ်တော်ပုံ အရ ထောင်ဒဏ်ကျခံခဲ့ရသည်။

 

“ဟီးရိုးမှ ဇီးရိုးသို့”

 

မိမိ၏ပုဂ္ဂလိက လူနေမှုဘဝအတွင်း ဖြစ်ပေါ်ခဲ့သည့် အဖြစ်သနစ်များနှင့်ပတ်သက်၍ အများပြည်သူ၏ ဝေဖန် တုံ့ပြန်မှုများအရ မိမိသည် တိုင်းပြည်မှ ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်ဟု သမိုင်းစာအုပ်များတွင် “သူရဲကောင်းတစ်ဦး” အဖြစ် အမည်တွင်ခဲ့သော ယွန်ကာလို့စ်က သူ၏သားတော် ဆဋ္ဌမမြောက် ဖီးလစ် ဘုရင်ထံသို့ သဝဏ်လွှာပေးပို့ခဲ့ပုံကို ကျွန်ုပ် အလေးမူ မိရင်း “ဟီးရိုးမှ ဇီးရိုးသို့” ဟူ၍ ကျူးရင့်မိပါသတည်း။ ။

 

Ref: Spain’s ex-King Juan Carlos is in Abu Dhabi; News report (ALJAZERERA) dated on

8-8-2020

 

ကိုရင်ဩ