မော်စကို၊ နိုဝင်ဘာ  ၅

 

နျူကလီးယားဗုံးအမျိုးအစားသစ် ဘီ ၆၁-၁၃ ထုတ်လုပ်မှုကို အမေရိကန်ကွန်ဂရက်လွှတ်တော်က ဆိုင်းငံ့ထားသဖြင့် ဘီ ၆၁ အမျိုးအစားနျူဗုံးသစ်ကို ထုတ်လုပ်ရန်ကြိုးပမ်းမည်ဟု အောက်တိုဘာလ နှောင်းပိုင်းတွင် ပင်တဂွန်က ကြေညာခဲ့သည်။

 

ယင်းလက်နက်သည် ခန့်မှန်းခြေအားဖြင့် ပြင်းအား ၃၆၀ ကီလိုတန်အထွက်နှုန်း ရှိမည်ဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်း ဟီရိုရှီးမားမြို့ပေါ်သို့ ကျခဲ့သည့် နျူကလီးယားဗုံးထက် ၂၄ ဆ ပိုမိုအားကောင်း နိုင်မည်ဖြစ်ကြောင်း နယူးစ်ဝိခ်မဂ္ဂဇင်းတွင် နိုဝင်ဘာ ၃ ရက်က ဖော်ပြသည်။

 

နယူးစ်ဝိခ်၏အဆိုအရ ဗုံးပေါက်ကွဲသည့်နေရာမှ မိုင်ဝက်အကွာအဝေးအတွင်း မည်သည့်အရာမဆို ဧရာမမီးလုံးကြီး၏ ဝါးမြိုခံရမှုကြောင့် အငွေ့ပြန် ပျောက်ကွယ်သွားမည်ဖြစ်သည်။ ပေါက်ကွဲမှုကြောင့် အဆောက်အအုံများပြိုကျမှုနှင့်အတူ တစ်မိုင်အတွင်း လူအားလုံး သေဆုံးနိုင်ဖွယ်ရှိပြီး ပေါက်ကွဲသည့်နေရာနှင့် နှစ်မိုင်အကွာတွင် ဓာတ်ရောင်ခြည်ထိတွေ့ မှုမြင့်မားမှုကြောင့် တစ်လအတွင်း သေဆုံးနိုင်ကြောင်း မဂ္ဂဇင်းက ရေးသားထားသည်။ နောက်ထပ် အသက်ရှင် ကျန်ရစ်သူ ၁၅ ရာခိုင်နှုန်းသည်လည်း နောက်ပိုင်းတွင် ကင်ဆာရောဂါဖြင့် သေဆုံးနိုင်ပြီး အများအပြားသည် အသက်အန္တရာယ်ရှိသော မီးလောင်ဒဏ်ရာများကို ခံစားရမည်ဖြစ်သည်ဟုဆိုသည်။

 

ကျွမ်းကျင်သူများ၊ နိုင်ငံရေးသမားများနှင့် မီဒီယာများက နျူကလီးယားစစ်ပွဲအသွင်သို့ တိုးမြင့်လာနေသည့် ပဋိပက္ခများ၏ အန္တရာယ်များကို ဆွေးနွေးနေချိန်တွင် ပင်တဂွန်ဘက်မှ ဗုံးအသစ် ဒီဇိုင်းဆွဲမည့်အစီအစဉ်ကို ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

 

ရုရှားက အမေရိကန်ကို “နျူကလီးယား အန္တရာယ်ခံတွင်းဝသို့ စွန့်စားဝင်ရောက်မှု” ဟု ပြောဆိုလိုက်ပြီး လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်များကို တိတ်တဆိတ် ချိုးဖောက်နေခြင်းဖြစ်ကြောင်း အခိုင်အမာ ဆိုထားသည်။

အာရ်တီ