ရန်ကုန် ၃၀ နိုဝင်ဘာ
မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံး၏ ပူးပေါင်းမှုဖြင့် မြန်မာအိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစု အသင်းချုပ် (Myanmar India International Business Federation)က ကြီးမှူးပြီး ဟိန္ဒူမျိုးနွယ်စုများ ပူးပေါင်းပါဝင်ကျင်းပသည့် ဒီပါဝလီပွဲတော် အထိမ်းအမှတ် မီးထွန်းပွဲတော်ကို ယနေ့ညပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့၌ ကျင်းပသည်။
ဒီပါဝလီပွဲတော် အထိမ်းအမှတ် မီးထွန်းပွဲတော်သို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ မြန်မာအိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစုအသင်းချုပ်မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ဟိန္ဒူမျိုးနွယ်စုများနှင့် ဖိတ်ကြား ထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ အိန္ဒိယသံအမတ်ကြီး၊ ဂျာမနီသံအမတ်ကြီး၊ နီပေါသံအမတ်ကြီးနှင့် မြန်မာအိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစုအသင်းချုပ် ဥက္ကဋ္ဌတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ သံအမတ်ကြီးများနှင့် မြန်မာအိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစုအသင်းချုပ်မှ တာဝန်ရှိသူများက ဒီပါဝလီပွဲတော် အထိမ်းအမှတ် ဆီးမီးထွန်းညှိ ပူဇော်ကြသည်။
ယင်းနောက် မြန်မာအိန္ဒိယ အပြည်ပြည်ဆိုင်ရာ စီးပွားရေးလုပ်ငန်းစု အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နိုင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ် အကြံပေး ဦးကျော်သူက ဒီပါဝလီပွဲတော်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီးဦးကြည်မင်း၊ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများက ဂုဏ်ပြုအမှာစကား ပြောကြားကြသည်။
ယင်းနောက် အိန္ဒိယသံရုံးမှ အနုပညာရှင်များ၊ ဒလမြို့နယ် Muth Tamil ယဉ်ကျေးမှုအကအဖွဲ့၊ Anitha Dance Group ၊ ဂါရက်သရီး အကအဖွဲ့နှင့် Vijay Dance Group အကအဖွဲ့များက ရိုးရာအက၊ ခေတ်ပေါ်အကများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြသည်။
သတင်းစဉ်