စွမ်းပြည့်
အရှေ့တောင်အာရှက ဧရိယာအသေးငယ်ဆုံး အရှေ့တီမော၊ တရားဝင်အမည် တီမောလက်စတေဆိုတဲ့ ကျွန်းနိုင်ငံငယ်ဟာ စတုရန်းမိုင်အားဖြင့် ၅၇၄၃ စတုရန်းမိုင်ပဲ ရှိပြီး လူဦးရေက ၁ သန်း ၁ သိန်းပဲ ရှိပါတယ်။ ပေါ်တူဂီကိုလိုနီလက်အောက်ခံ နိုင်ငံဖြစ်ခဲ့ဖူးတဲ့ တီမောဟာ အင်ဒိုနီရှားလက်အောက်ကနေ ၂၀၀၂ ခုနှစ်ကမှ လွတ်လပ်ရေးရခဲ့တဲ့ နိုင်ငံပါ။ ၁၁ နိုင်ငံမြောက် အာဆီယံနိုင်ငံအဖွဲ့ဝင်အဖြစ် ၂၀၂၂ ခုနှစ်ကမှ မူအားဖြင့် သဘောတူထားပြီးဖြစ်တဲ့ အရှေ့တီမောဟာ သမိုင်းကြောင်းမထင်မရှားနဲ့ သမိုင်းမှတ်တမ်းမှတ်ရာ များများစားစား မတွေ့ရတဲ့နိုင်ငံပါ။ အင်ဒိုနီးရှားတို့ သိမ်းပိုက်ထားစဉ်ကာလမှာ အကြမ်းဖက်မှု အတော်များများဖြစ်ခဲ့ပြီး ယခု လွတ်လပ်ရေးရပြီးနောက်မှာလည်း ဆင်းရဲတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ဆဲပါပဲ။
သမ္မတက ဟိုဆေးရာမို့ဟော်တာဆိုတဲ့သူ။ ၂၀၀၈ ခုနှစ်က လုပ်ကြံခံရလို့ ပြင်းထန်စွာဒဏ်ရာရဖူးတယ်၊၊ နိုင်ငံအခြေအနေမကောင်းတိုင်း UN နဲ့ ဩစတေးလျလို နိုင်ငံခြားတပ်တွေ ခဏခဏဝင်ထိန်းနေရတဲ့နိုင်ငံရဲ့ သမ္မတဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်တုန်းက မြန်မာနိုင်ငံထဲကို တရားမဝင်ခိုးဝင် ဝင်ရောက်ခဲ့ဖူးပြီး ကရင်ပြည်နယ် မာနယ်ပလောမှာ ၁၀ ရက်ကြာနေထိုင်ခဲ့ကာ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီအရေးခေါင်းစဉ်နဲ့ သင်တန်းတွေကို ပို့ချခဲ့ဖူးသည်အထိ ဇ ရှိခဲ့သူပါ။
ဒီလို သောင်းကျန်းသူနယ်စပ်ကို ဟီးရိုးဆန်ဆန်ဝင်ရောက်ဖူးရုံနဲ့ မြန်မာနိုင်ငံအရေးနဲ့ မြန်မာသမိုင်းကြောင်းကို ကောင်းကောင်းသိရှိသူတစ်ဦးအဖြစ် သူ့ကိုယ်သူ အထင်ကြီးနေပုံပါပဲ။ ရေနံကြွယ်ဝပြီး စီးပွားရေးကမကောင်း၊ အလုပ်လက်မဲ့ကများ ၊ ဆင်းရဲမွဲတေပြီး စာမတတ်တဲ့ နိုင်ငံရဲ့ လူဦးရေထက်ဝက်လောက်ကို အုပ်ချုပ်နေရတဲ့ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် သမ္မတဟိုဆေးရာမို့စ်ဟော်တီဆိုတဲ့လူက သမိုင်းအစဉ် အလာကြီးမားတဲ့ မြန်မာနိုင်ငံ၊ မြန်မာလူမျိုးနဲ့ မြန်မာ့တပ်မတော်ကို စော်ကားမော်ကား ပြောခဲ့ခြင်းဟာ အလွန်စက်ဆုပ်ရွံရှာဖွယ် ကောင်းလှပါတယ်။
ဒီသမ္မတဟာ မြန်မာနိုင်ငံနဲ့ မြန်မာအရေးအပေါ် မကြာခဏဝင်ရောက်စွက်ဖက် ပြောဆိုလေ့ရှိသူပါ။ ယခုနှစ် ဇူလိုင်လဆန်းတုန်းကလည်း အာဆီယံထဲဝင်ရောက်ဖို့ စတင်လှုပ်ရှားစဉ်မှာ သူ့အနေနဲ့ မဆီမဆိုင် မြန်မာနိုင်ငံအရေးကို အာဆီယံအဖွဲ့ကြီးက မဖြေရှင်းနိုင်သေးတဲ့အပေါ်မှာ သူ့အနေနဲ့ ကသိကအောက်ဖြစ်ရကြောင်း၊ ဒါကြောင့် အာဆီယံအနေနဲ့ မြန်မာအရေးကို မဖြေရှင်းနိုင်သေးရင် သူ့အနေနဲ့ အာဆီယံထဲ ဝင်ရောက်မှာ မဟုတ်သေးကြောင်း မဆီမဆိုင် ဂလိုင်ခေါက် ၊ အခြားအာဆီယံနိုင်ငံတွေကို ပိဿာလေးနဲ့ ဘေးပိတ်ပေါက်သလို ပညာမဲ့စကား မဖွယ်မရာဆိုခဲ့သူပါ။ ငါ့စကားနွားရသူများခိုင်း စားတာ ခံနေရတဲ့ပုံပါပဲ။
သူနဲ့ ပုလင်းတူဗူးဆို့ဖက် ဝန်ကြီးချုပ် ဇာနာနာဂက်စမိုဆိုတဲ့လူကလည်း မြန်မာ ခေါင်းဆောင်တွေကို စစ်အာဏာရှင်များအဖြစ် သမုတ်သွားခဲ့ပြီး အာဆီယံက မြန်မာကို ဖိအားပေးဖို့ တောင်းဆိုခဲ့သူဖြစ်ပါတယ်။ ဇူလိုင်လဆန်းကနိုင်ငံရဲ့သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမှာ ဘုန်းကြီးရူးနဲ့လှေလူးဆိုသလို အကြမ်းဖက်အဖျက်သမားတွေနဲ့ တစ်သားတည်း ရပ်တည်ကြောင်းပြသခဲ့ပြီး သူရထားတဲ့ ငြိမ်းချမ်းရေးဆုကြီးနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းလျှောက်ခဲ့သူဖြစ်ပါတယ်။
သူကပြောပါတယ်။ မြန်မာဒီမိုကရေစီလှုပ်ရှားမှုအကြောင်း သူကောင်းကောင်း သိတယ်ဆိုပဲ။ သူ့ကိုယ်သူ မြန်မာနိုင်ငံအကြောင်း သူ့ထက်ပိုသိသူ ဘယ်ခေါင်းဆောင်မှ မရှိဘူးဆိုပြီး ဘဝင်မြင့်နေပုံပါပဲ။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းနဲ့ လွတ်လပ်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်တွင်းသောင်းကျန်းမှု နဲ့ပဋိပက္ခသမိုင်း ကို တော့ လေ့လာထားဟန်မတူပါဘူး။ လူဦးရေ ၁ သန်းလောက်သာရှိတဲ့ ရန်ကုန်မြို့ထက် အနည်းငယ်သာကျယ်တဲ့ ရန်သူမရှိ ၊ သူပုန်မရှိ၊ ကျွန်းနိုင်ငံသေးသေးလေးကို အုပ်ချုပ်နေ တဲ့ သူ့ကိုယ်သူ ဒီမိုကရေစီဖခင်အမည်ခံသမ္မတကြီးတစ်ဦးရဲ့ ဂုဏ်ယူစွာပြောနေပုံက ကျွန်တော်တို့အတွက်တော့ ဘာမှအံ့ဩစရာမရှိပါဘူး။
ကျွန်တော်တို့လို နိုင်ငံဧရိယာ ၂ သိန်း ၆ သောင်းကျော်ရှိပြီး လူဦးရေ ၅၅ သန်း လူမျိုးစုပေါင်း ၁၃၅ မျိုးနဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း ဆယ်ဂဏန်းရှိတဲ့နိုင်ငံကိုသာ အုပ်ချုပ် ရရင် သူဘယ်လိုပြောမယ်မသိပါ။ ဒါကြောင့် သူ့ကို ပညာတတ်ပေမယ့် အကြမ်းဖက်ကိုသာ အားပေးထောက်ခံတတ်သူ ပညာမရှိသူတစ်ဦးအဖြစ်သာ သတ်မှတ်ထိုက်ပါတယ်။
ဒီလူတွေရဲ့ မြန်မာနိုင်ငံအပေါ်မှာ သုံးသပ်ချက်တွေဟာ တလွဲတွေဖြစ်နေတယ်ဆိုတာ သူတို့ကိုယ်တိုင်မသိရှာကြပါဘူး။ ငြိမ်းချမ်းရေးဆုရ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယူကရိန်းလိုပဲ မြန်မာသောင်းကျန်းသူတွေထံ လက်နက်တွေပေးဖို့ ၊မြန်မာနိုင်ငံမှာ သွေးချောင်းစီးဖို့ အနောက်နိုင်ငံတွေထံ တောင်းဆိုခဲ့ဖူးတယ်။ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်နဲ့ မြန်မာပြည်သူတွေကို သွေးခွဲစကားပြောခဲ့တယ်။ နိုင်ငံတော်ကိုတည်ဆောက်နေတဲ့ အစိုးရ ၊ တပ်မတော်နဲ့ ရက်ရက်စက်စက်လူသတ် ၊ ဗုံးခွဲ ၊ ပြည်သူကြားတိုက်ပွဲဖော်၊ ဆေးရုံ ၊ ကျောင်း၊ လမ်း ၊ တံတား အကုန်ဖျက်ဆီးပြီး တိုင်းပြည်ကို အလုံးစုံပျက်သုဉ်းအောင်လုပ်နေတဲ့ အကြမ်းဖက်အကြားမှာ ခွဲခြမ်းစိတ်ဖြာမဆန်းစစ်နိုင်လောက်အောင် အသိခေါက်ခက် အဝင်နက်သူတွေ ဖြစ်နေရရှာပါတယ်။
ဒီဇင်ဘာလ ၉ ရက်နေ့က NUG က ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းတစ်ခုမှာ ဟိုဆေးရာမို့စ်ဟော်တာရဲ့ပြောကြားချက်မှာ မြန်မာတပ်မတော်မှာ တာဝန်ထမ်းဆောင် နေကြတဲ့ အရာရှိ ၊ စစ်သည်တွေအားလုံး လက်နက်ချပြီး ပြည်သူ့ဘက်မှာရပ်တည်ဖို့ ဝင်ရောက်စွက်ဖက်ပြောနေပုံဟာ တပ်မတော်ကိုဖြိုခွဲဖို့ကြိုးစားရာရောက်လို့ အလွန်စော်ကားရာ၊ မတရားရာကျပါတယ်။ သမ္မတတစ်ယောက်အနေနဲ့ အလွန်မိုက်မဲလွန်းတယ် လို့ တောင် ပြောလို့ရပါတယ်။ သူ့ကို ကြည့်ရတာ မြန်မာနိုင်ငံမှာ တပ်မတော်ပြိုကွဲ ၊ နိုင်ငံအစိတ်စိတ်အမွှာမွှာကွဲပြီး စစ်မီးပွားမှာ အလွန်မြင်ချင်နေပုံပါပဲ။
သူ့ရဲ့ဗီဒီယိုမိန့်ခွန်းက ပြောင်ပြောင်တင်းတင်းပြောကြားချက်တွေဟာ နိုင်ငံတစ်နိုင်ငံအပေါ် အလွန်စွက်ဖက်ရာကျပါတယ်။ အဓိပ္ပာယ်လည်း မဲ့လွန်းပါတယ်။ ပြည်သူဆို တဲ့ အဓိပ္ပာယ်ကိုမဖော်တတ်၊ မြန်မာ့တပ်မတော်ကို ထောက်ခံပြီး တည်ငြိမ်အေးချမ်းမှုကို လိုလားသူပြည်သူစစ်စစ် ဘယ်လောက်ရှိသလဲ၊ တည်ဆောက်နေသူက ဘယ်သူလဲ ၊ အဖျက်သမားက ဘယ်သူလဲ၊ ခွဲခြားမသိ၊ ဆိုရွားလွန်းတဲ့ မှတ်ချက်ပါ။ သူ့ရဲ့ပြောကြားနေပုံ ဒီဇိုင်းကို ကြည့်ရတာမှာ သူ့ရဲ့မျက်နှာအသွင်အပြင်ကအစ မူမမှန်တာ တွေ့ရပါတယ်။ ဒီလို ပညာမဲ့လွန်းတဲ့စကားမျိုးကို တစ်နိုင်ငံက အခြားတစ်နိုင်ငံအပေါ် ပြောခြင်းဟာ ကမ္ဘာ့ဘယ်နိုင်ဘယ်ခေါင်းဆောင်မျိုးမှာမှ မရှိပါဘူး။ သူ့မျက်နှာမှာ မြန်မာ့ တပ်မတော် နဲ့မြန်မာခေါင်းဆောင်တွေကို မုန်းနေတဲ့ အဃာတအမုန်းတွေ ၊ မနာလိုဝန်တိုမှု လက္ခဏာတွေ တွေ့မြင်နေရတာဟာ နှစ်နိုင်ငံအရေး၊ ဒေသအရေး ၊ ကမ္ဘာ့အရေး အတွက်တော့ အလွန်စိတ်မအေးစရာဖြစ်ပါတယ်။
ရာမို့စ်ဟော်တာအနေနဲ့ သူကိုယ်တိုင်တော်လှန်ရေးသမားဖြစ်ခဲ့တယ်ဆိုသော်ငြား ဒီမိုကရေစီတော်လှန်ရေးအဓိပ္ပာယ်နဲ့ အကြမ်းဖက်လမ်းစဉ်ပုံစံကို ကွဲကွဲပြားပြား ခွဲခြားသိပုံလည်းမပေါ်ပါဘူး။ သမ္မတသာဖြစ်လာတယ် သူ့ရဲ့မိန့်ခွန်းမှာပါတဲ့ ဒီမိုကရေစီနဲ့ တော်လှန်ရေးအကြောင်း ပြောဆိုချက်တွေမှာ ဒီမိုကရေစီကိုရေလဲသုံးပြီး လူပြိန်းကြိုက် လှုံ့ဆော်တက်ကြွသူပုံစံသက်သက်သာ တွေ့ရခြင်းအားဖြင် သူဟာလက်တွေ့မဆန်တဲ့ စိတ်ကူးယဉ်ဝါဒီတစ်ဦးသာဖြစ်မယ်လို့ သုံးသပ်မိပါတယ်။ ( သူ ကရင်ပြည်နယ်ထဲ သူရဲကောင်းကြီးတစ်ဦးသဖွယ် လှေနဲ့ခိုးဝင်ခဲ့ပုံကို ပြန်လည်အမှတ်ရမိခြင်း)။
သူဟာ မြန်မာလူမျိုးတွေမသုံးတဲ့ ရိုဟင်ဂျာအသုံးကို သုံးနှုန်းပြီး မြန်မာတိုင်းရင်း သားတွေကို စော်ကားခဲ့တယ်။ သူဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို မြန်မာအရေး အာရုံစိုက်ပေးဖို့ တိုက်တွန်းခဲ့တယ်၊ ရန်ကုန်မြို့လူဦးရေရဲ့ ၇ ပုံ ၁ ပုံလောက်သာ အုပ်ချုပ်ရတဲ့ သမ္မတကြီးတစ်ဦးအနေနဲ သူများနိုင်ငံပြည်တွင်းရေး ဒီလောက် နက်နက်လျှိုင်းလျှိုင်း ဝင်ရောက်စွက်ဖက်ချိန်ရအောင် အချိန်တွေအတော်အားနေဟန် တူပါတယ်။ ဒါပေမဲ့ သမ္မတကြီး မေ့နေတာက ယနေ့ ဂါဇာနယ်ထဲက သနားစရာ ပါလက်စတိုင်းလူမျိုး တွေနဲ့ကလေးသူငယ်တွေပါပဲ။ ၁ သောင်းကျော်လောက် သေဆုံးပြီးဖြစ်တဲ့ ဂါဇာဒေသက ပါလက်စတိုင်းတွေအတွက် အမေရိကန်နဲ့အတူ သူအရေးမစိုက်အားပါဘူး။ ထိုဒေသမှာ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံတွေအပေါ်မှာလည်း စိတ်ဝင်စားပုံ မပေါ်ပါဘူး။ တရားမျှတမှုကို လိုလားရင် ယနေ့ကမ္ဘာမှာ ဒီမိုကရေစီအင်အားကြီးနိုင်ငံတစ်ခုက အင်အားနည်းတဲ့နိုင်ငံတွေအပေါ် ကျူးကျော်ဖြုတ်ချ၊ တိုင်းပြည်ဖြိုခွဲ၊ ထိုနိုင်ငံကပြည်သူတွေ ယနေ့လက်ရှိ ခံစားနေရတဲ့ ဒုက္ခတွေအတွက် တရားမျှတမှုကို ဘယ်လိုရှာဖွေပေးနိုင်ပါမလဲ ၊ ဒီမေးခွန်း ကို မေးခဲ့ရင် လူ့အခွင့်အရေးနဲ့တရားမျှတမှုကို အလွန်လေးစားတဲ့သမ္မတကြီးအနေနဲ့ ဘယ်လိုဖြေမလဲ သိချင်ပါတယ်။
မြန်မာနိုင်ငံမှာလည်း ထို့အတူပါပဲ၊ အကြမ်းဖက်လက်နက်ကိုင်တွေ ရက်ရက်စက်စက် သတ်ဖြတ်လို့ သေသွားကြရတဲ့ ဒုက္ခိတဖြစ်သွားကြရတဲ့ သံဃာတော်တွေ ၊ ကျန်း မာရေး၊ ပညာရေးဝန်ထမ်းတွေအပါအ၀င် အပြစ်မဲ့ဝန်ထမ်းနဲ့ ပြည်သူတွေအတွက် ကော မြန်မာပြည်သူတွေအတွက် လုပ်ပေးချင်ပါတယ်ဆိုတဲ့သမ္မတကြီးမှာ အဖြေရှိပါသလား၊ မြန်မာပြည်သူတွေအတွက် ဝေမျှပေးစေချင်ပါတယ်။
သမ္မတဟိုဆေးရာမို့စ်ဟော်တာ သိစေချင်ပါတယ်။ မြန်မာနိုင်ငံအရးဟာ ထိုနိုင်ငံ ၊ ထိုနိုငိငံသားတွေရဲ့ ပြည်တွင်းရေးသာဖြစ်တယ်။ ဒေသအရေးလည်းမဟုတ် နိုင်ငံတကာ အရေးလည်းမဟုတ်၊ နိုင်ငံတကာငြိမ်းချမ်းရေးကို ခြိမ်းခြောက်နေခြင်းလည်းမရှိပါ၊ အရှေ့ တီမောနဲ့ဆိုအဝေးကြီး ၊ ဆိုင်လည်းမဆိုင်ပါ။ တစ်နိုင်ငံပြည်တွင်းရေး ဝင်မစွက်ကြေး အာဆီယံမူနဲ့လည်းမညီပါ၊ အာဆီယံအဖွဲ့ဝင်ဖြစ်လာမယ့် နိုင်ငံတစ်နိုင်ငံအနေနဲ့ ယခုကတည်းက ဆင်ခြင်ထားသင့်ပါတယ်။
မြန်မာနိုင်ငံရဲ့အခြေအနေဟာ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲနဲ့အတူ ဖြစ်ပေါ်လာတဲ့ မဲမသမာမှုတွေကြောင့် အရေးပေါ်အခြေအနေကြေညာခဲ့ရပြီး ယခုကာလ ဆောင်ရွက်ချက်တွေဟာ အရေးပေါ်ကာလပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်နေခြင်း ဖြစ်တယ်ဆိုတာ ဒီမိုကရေစီကိုလေးစားသူသမ္မတကြီးသိဖို့ လိုအပ်ပါတယ် ။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါအချက်များအတိုင်း ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး ဆောင်ရွက် နေပါတယ်။ ရှေ့လုပ်ငန်းစဉ်ပါအတိုင်းလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ပါတီစုံအထွေ ထွေရွေးကောက်ပွဲကျင်းပပေးသွားမယ်၊ ပြီးရင် အနိုင်ရပါတီကို နိုင်ငံတော်တာဝန်ကို လွှဲသွားပေးမယ် စတဲ့အချက်တွေဟာ ဒီမိုကရေစီပြန်လည်ထူထောင်ရေး လက်တွေ့ကျတဲ့ အချက်တွေဆိုတာ ဟိုဆေးရာမို့စ်ဟော်တာသမ္မတကြီး သိနေဖို့လိုပါမယ်။ အာဆီယံတူညီ ဆန္ဒ ၅ ချက်ကို အကောင်အထည်ဖော်ရာမှာလည်း မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို လေးစားပြီး အာဆီယံ ပဋိညာဉ်စာတမ်းပါအချက်တွေအပေါ် အခြေခံပြီး ပူးပေါင်းဆောင်ရွက်သွားမယ်ဆိုတာလည်း အကြိမ်ကြိမ် ကတိကဝတ်ပြုပြီးသားဖြစ်ပါတယ်။
အချုပ်အားဖြင့်တော့ မြန်မာနိုင်ငံအရေး ဘယ်လောက်နက်နဲ ကျယ်ပြန့်တယ်ဆိုတာ သမ္မတကြီးထက် မြန်မာနိုင်ငံပြည်သူတွေ၊ မြန်မာနိုင်ငံခေါင်းဆောင်များနဲ့ မြန်မာ့တပ်မတော်ကသာ အသိဆုံးဖြစ်ပါတယ်။ နိုင်ငံတကာက ဘယ်ခေါင်းဆောင်ကမှ အသိဆုံး ဖြစ်တယ်ဆိုတာလည်း မမှန်ပါဘူး။ မြန်မာ့အရေးစဉ်းစားရာမှာ သမိုင်း ကြောင်းနဲ့အမျိုးသားရေးစရိုက်လက္ခဏာများ၊ ကိုလိုနီစနစ်ကြောင့်ဖြစ်ရတဲ့ စိတ်ဝမ်းကွဲပြားမှုများကို ကြိုတင်သိနားလည်ထားဖို့ လိုအပ်ပါတယ်၊၊ ကိုယ့်နိုင်ငံ ၊ သူ့နိုင်ငံ သမိုင်း ကြောင်းတွေဟာ တစ်ခုနဲ့တစ်ခုမတူညီကြတဲ့အတွက် ယခုလို ဝင်ရောက်စွက်ဖက် ပြောကြားချက်တွေဟာ ဖိအားပေးသက်သက်သာဖြစ်တာကြောင့် အောင်မြင်မှုရနိုင်မှာ မဟုတ်ဆိုတဲ့အချက်ကို တီမောလက်စတေခေါင်းဆောင်တွေ သိနှင့်ထားသင့်ပါတယ်။
ယခုလိုကာလမှာ မြန်မာနိုင်ငံအစိုးရနဲ့ပြည်သူတွေရဲ့ကြိုးစားမှုတွေကို နားလည်အောင် ကြိုးစားပြီး အပြုသဘောအားပေးမှုနဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အချက်တွေကသာ မြန်မာနိုင်ငံအပေါ် ကူညီရာရောက်ပါမယ်။ သို့သော် အရှေ့တီမောသမ္မတနဲ့ ဝန်ကြီးချုပ်တို့ဟာ မြန်မာနိုင်ငံအရေးအပေါ် ပြင်းပြင်းထန်ထန်စွပ်စွဲပြောခဲ့ကြသူတွေမို့ ကျွန် တော်တို့ကလည်း မြန်မာနိုင်ငံတော်နဲ့ မြန်မာပြည်သူတွေကိုယ်စား သူတို့အပေါ်မှာ ယခုလို ပြင်းပြင်းထန်ထန် ပြန်လည်တုန့်ပြန်လိုက်ရခြင်းသာ ဖြစ်ပါတယ်။ အဆင့်တစ်ရပ် မှာ ရှိမနေသူတွေကို ယခုလို တုန့်ပြန်ခြင်းဟာ မိမိနိုင်ငံ ၊ မိမိလူမျိုး ၊ မိမိတပ်မတော်အတွက် မှန်ကန်တယ်လို့ ခံယူမိပါတယ်။
စွမ်းပြည့်