မူဆယ်၊ ၅ ဖေဖော်ဝါရီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျေးလက်နေ ပြည်သူများအတွက် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မူဆယ်မြို့နယ်၊ ဟိုလောင်းကျေးရွာ၌ ကျေးလက်ကုန်ထုတ် လမ်းဖောက်လုပ်နေမှု အခြေအနေများကို ဖေဖော်ဝါရီ လ ၄ ရက်နေ့က တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မူဆယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်ထွေး၊ အငယ်တန်း အင်ဂျင်နီယာ-၂ ဦးစိုင်းနော်မိန်းနှင့်ဝန်ထမ်းများအဖွဲ့က ကျေးရွာသူ/သားများနှင့်အတူ ဟိုလောင်းကျေးရွာတွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၆ ဒသမ ဝ၇၅ သန်းဖြင့် အရှည် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကျောက်ရောမြေခင်းခြင်း လုပ်ငန်းကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သတ်မှတ် ကာလအတွင်း အချိန်မီပြီးစီးရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ဟိုလောင်းကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၈၃ အိမ် လူဦးရေ ၃၂၀ ဦးတို့၏ လယ်ဧက ၄၀ဝ ကျော်မှ လယ်ယာထွက်ကုန်များကို ဈေးကွက်သို့ လျင်မြန်စွာ ပို့ဆောင်နိုင်မည်ဖြစ်ကြောင်း မူဆယ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းမောင်ထွေးထံမှ သိရသည်။
ဇော်မင်းဌေး


