ဟိုမိန်း၊ ၂၈ ဒီဇင်ဘာ 

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ဟိုမိန်းမြို့ မယ်အောကျေးရွာအုပ်စု နားမွန်းလုံကျေးရွာတွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း (NEP) ဖြင့် တစ်အိမ်သုံး ဆိုလာမီးဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၇ ရက် ညနေ ၅ နာရီခွဲက အဆိုပါကျေးရွာ၌ ကျင်းပသည်။

 

ဆိုလာမီးဖွင့်ပွဲ အခမ်းအနားကို လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်း၊ ကျေးရွာမီးလင်းရေးတာဝန်ခံ ဦးကျော်မျိုးလှိုင်နှင့် မယ်အောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

 

နားမွန်းလုံ ကျေးရွာသူရွာသားများအနေဖြင့် စိုက်ပျိုးရေး တောင်ယာလုပ်ငန်းကိုသာ အဓိကအားထား လုပ်ရသည့် ကျေးရွာဖြစ်သည့်အတွက် ငွေကြေးအနေဖြင့် အခက်အခဲရှိကြောင်း၊ ယခုလို ဆိုလာမီးဖြင့် တစ်ရွာလုံး အိမ်မီးများနှင့် လမ်းမီးများပါ အားလုံးရရှိလာပြီဖြစ်သည့်အတွက် ကျေးရွာပြည်သူများအားလုံး ဝမ်းသာပျော်ရွှင်လျက်ရှိပါကြောင်း၊ ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာများအားလုံး ရွာလုံးကျွတ် ဆိုလာမီး ရရှိနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးကြသော အကြီးအကဲများနှင့်တကွ တာဝန်ရှိသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါကြောင်း နားမွန်းလုံကျေးရွာနေ ပြည်သူ ဦးစိုင်းဇွမ်က ဝမ်းသာအားရ ပြောသည်။

 

ဟိုမိန်းမြို့အတွင်း ကျေးရွာအုပ်စု ၃ အုပ်စုရှိ ကျေးရွာ ၁၂ ရွာ၌ ဆိုလာမီးရရှိရေးကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ် (KFW) အဖွဲ့ ထောက်ပံ့မှုနှင့် ကျေးရွာပြည်သူများ ပူးပေါင်းထည့်ဝင်ငွေများဖြင့် NEP စီမံကိန်း (မဟာဓာတ်အားလိုင်းပြင်ပ) Solar Home System တစ်အိမ်သုံးဆိုလာစနစ်ဖြင့်  ကျေးရွာမီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ကျေးရွာ ၈ ရွာ၌ ဆိုလာမီးများ တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

 

ရဲနောင်(ဟိုမိန်း)