ဟိုမိန်း ၇ သြဂုတ်  

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့၌ ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဟိုမိန်းမြို့ အမှတ်(၃)ရပ်ကွက်၊ နောင်လုံကန်တွင် 180KW တာဘိုင်စက် နှစ်လုံးတပ်ဆင်အသုံးပြုမည့် အသေးစား ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ခြင်း လုပ်ငန်း(၅၀)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

“နောင်လုံကန်အသေးစားရေအားလျှပ်စစ် စက်ရုံတည်ဆောက်ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၁၀၀၀ ဒသမ ၀၀၀)သန်းဖြင့် တင်ဒါအောင်မြင်သည့် Kyi Thein & Family ကုမ္ပဏီမှ ဇွန် ၁၀ ရက်နေ့မှ စတင်တာဝန်ယူ တည်ဆောက်နေပြီး ရေထိန်းတံခါးတည်ဆောက်ခြင်းနှင့် ဖိအားမြှင့် ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းအတွက် မြေတူးခြင်းလုပ်ငန်း၊ စက်ရုံတည်ဆောက်ခြင်းလုပ်ငန်း၊ 180KW တာဘိုင်စက်နှစ်လုံးအတွက် အထိုင်ဖောင်ဒေးရှင်း ပြုလုပ်ခြင်းလုပ်ငန်းများနှင့် ရေထုတ်မြောင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး  စီမံကိန်းအတွက် လိုအပ်သော ပစ္စည်းများအားလုံးကို ရာနှုန်းပြည့် လုပ်ငန်းခွင်အရောက် သယ်ယူပြီးဖြစ်ရာ လုပ်ငန်းဆောင်ရွက်မှု ၅၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ” တာဝန်ခံအင်ဂျင်နီယာ ဦးစိုးညွှန့် ထံမှသိရသည်။

 

ဟိုမိန်းမြို့သည် လျှပ်စစ်မီးမရရှိသည့်အတွက် တစ်မြို့လုံးတွင်ဆိုလာမီးနှင့် ဒီဇယ်အင်ဂျင် မီးစက်များကိုသာ အဓိကအားထား အသုံးပြုနေရပြီး အဆိုပါစီမံကိန်း ပြီးစီးသွားပါက ဟိုမိန်းမြို့ရှိ အမှတ်(၁)ရပ်ကွက် နားမိုင်၊ အမှတ်(၂)ရပ်ကွက် နားမိုက်လေနှင့် အမှတ်(၃)ရပ်ကွက် မိန်းမိုင် ရပ်ကွက်တို့တွင် လျှပ်စစ်မီးလင်း နိုင်တော့မည်ဖြစ်၍ ဒေသခံပြည်သူများအနေဖြင့် ပျော်ရွှင်ဝမ်းမြောက်လျက်ရှိကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)