ဟိုမိန်း ၆ ဒီဇင်ဘာ
ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အစဉ်အလာမပျက် ရှမ်းသက္ကရာဇ် ၂၁၁၃ နှစ်ကို ကြိုဆိုသောအားဖြင့် ရှမ်းစာဆိုတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲနှင့် ရှမ်းနှစ်သစ်ကူး ပွဲတော်ကို ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ အမှတ်(၁)ရပ်ကွက်တွင် ဒီဇင်ဘာ ၅ ရက် ည ၇ နာရီက စတင်ကျင်းပခဲ့ကြောင်း သိရသည်။
ဟိုမိန်းမြို့၌ ရှမ်းနှစ်သစ်ကူးပွဲတော်ကို ရှမ်းရိုးရာယဉ်ကျေးမှု၊ စာပေ၊ ဘာသာစကားတို့ကို အစဉ်အမြဲ ထိန်းသိမ်းစောင့်ရှောက်ရန်၊ လူမျိုးနှင့် စာပေ၊ စကားတို့ မတိမ်ကော မပပျောက်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်မပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပနေခြင်း ဖြစ်ကြောင်းနှင့် ပွဲတော်ကို ဒီဇင်ဘာလ ၅ ရက်မှ ၉ ရက်အထိ ၅ ညတိုင်တိုင် ကျင်းပ သွားမည် ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းမောင်လူက ပြောသည်။
နှစ်စဉ်ကျင်းပလျက်ရှိသော ရိုးရာပွဲတော်အတွင်း ရှမ်းစာဆိုတော်များ၏ အတ္ထုပ္ပတ္တိ ဟောပြောပွဲကျင်းပခြင်း၊ ရှမ်းရိုးရာ တိုးနယား၊ ကိန္နရီ ကိန္နရာ၊ ဓား၊ လက်၊ တုတ်တိုင်း အကပေဒသာများဖြင့် ကပြဖျော်ဖြေခြင်းနှင့် ပျော်ပွဲရွှင်ပွဲများ၊ အားကစားပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ကာ ရှမ်းတိုင်းရင်းသား အနုပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဉ်များလည်း ညစဉ်ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
ရဲနောင်(ဟိုမိန်း)