ဟိုမိန်း ၊ ၃၀ ဇန်နဝါရီ   

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ဟိုမိန်းမြို့ တိုက်နယ်ဆေးရုံ၌ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေး (Mobile Team)အဖွဲ့နှင့် လင်းခေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနကုသရေးအဖွဲ့တို့သည် တီဘီရောဂါရှာဖွေ စမ်းသပ်ကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီက   အခမဲ့ ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုတွင် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ ဒေါက်တာစိုင်းခမ်းပန်ဖ ဦးဆောင်သောအဖွဲ့ဝင်များနှင့်အတူ လင်းခေးမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာကျော်လွင်ဦး ဦးစီးသောအဖွဲ့ဝင်များက တီဘီသံသယလူနာများကို ရှာဖွေဖော်ထုတ်ခြင်း၊ သလိပ်စစ်ဆေးခြင်းနှင့် Digital  X-Ray စက်ဖြင့် ရင်ခေါင်းဓာတ်မှန်ရိုက်၍ တီဘီရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းနှင့် အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်းလုပ်ငန်းများကို ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလမ်းညွှန်ချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန် စနစ်တကျ စီစဉ်ဆောင်ရွက် ကုသပေးခဲ့ကြောင်း သိရသည်။ 

ကွင်းဆင်းကုသပေးရာသို့ ဟိုမိန်းမြို့ပေါ်ရှိ ဒေသခံပြည်သူများအပြင် မြို့အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများက လာရောက်ကုသမှုခံယူကြကြောင်း သိရသည်။ အဆိုပါ ကွင်းဆင်း  ဆောင်ရွက်မှုတွင် အထွေထွေကျန်းမာရေးစစ်ဆေးကုသပေးသူ ၈၀၊ သွားလူနာ ၁၃ ဦးနှင့် ပြည်သူ ၂၃၂ ဦးတို့အား ရင်ခေါင်းဓာတ်မှန်ရိုက်စစ်ဆေးပေးရာ တီဘီရောဂါပိုးရှိလူနာ ၉ ဦး တွေ့ရှိပြီး အဆိုပါလူနာများအတွက် လိုအပ်သောဆေးဝါးများ အခမဲ့ ပေးအပ် ကုသပေးခဲ့ကြောင်း သိရသည်။

ရဲနောင်(ဟိုမိန်း)