ဟိုင်းကြီးကျွန်း   ၁၃  မေ  

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃) ရပ်ကွက်နှင့် ခမောက်မော်ကျေးရွာကို ဆက်သွယ် ဆောက်လုပ်ထားသော ဟိုင်းကြီးကျွန်း တံတားအနီးတွင် Million Best Construction Co., Ltd က ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မြစ်ကိုဖြတ်ကျော်ပြီး လျှပ်စစ်တာဝါတိုင် တည်ဆောက်မည့် မြေနေရာသို့ ယနေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေက မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများ လိုက်ပါ၍ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

 

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်းကျေးရွာအုပ်စုရှိ ခမောက်မော်၊ သံကြိုးလမ်း၊ ကျောက်ချောင်းနှင့် ရဲကျွန်းကုန်း ကျေးရွာများ မီးလင်းရေးလုပ်ငန်းအတွက် Million Best Construction Co., Ltd က တင်ဒါအောင်မြင်ထးပြီး ယင်းတင်ဒါလုပ်ငန်းတွင် ပါဝင်သော (၁၁) ကေဗီ ဓာတ်အားလိုင်း သွယ်တန်းမည့် မြစ်ဖြတ်ကျော် လျှပ်စစ်တာဝါတိုင် တည်ဆောက်ရေး လုပ်ငန်းအတွက် တာဝါတိုင်ဖောင်ဒေးရှင်း တည်ဆောက်ရန် ရွေးချယ်ထားသည့် မြေနေရာအား တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှင့် ဌာနဆိုင်ရာများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ ဦးသက်မောင်မောင်ကပြောသည်။


    
တာဝါတိုင်တည် ဆောက်မည့် မြေနေရာနှင့်ပတ်သက်၍ ယခုနှစ်မတ်လအတွင်းက တင်ဒါအောင် မြင်ခဲ့ပြီး သင်္ကြန်ရက်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလများနှင့် တိုက်ဆိုင်နေသည့်အတွက် ကနဦး မြေပြင်တိုင်းတာရေးလုပ်ငန်းများကို အချိန်မီ မလုပ်နိုင်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ဧပြီ လကုန်ပိုင်းက ကနဦးတိုင်းတာခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးခဲ့၍ သက်ဆိုင်ရာဌာနများသို့ တင်ပြထားပြီးဖြစ်ကြောင်း၊ ယခုလာရောက် စစ်ဆေး၍ လိုအပ်သည်များ တင်ပြဆောင်ရွက်ပြီးစီးပါက  မေလအတွင်း လုပ်ငန်းများ အမြန်ဆုံးအကောင်အထည် ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း Million Best Construction Co., Ltd တာဝန်ခံ ဦးစိုင်းသီဟ ကပြောသည်။


    
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးသွားပါက ဟိုင်းကြီးကျွန်းမြို့၊ ကျောက်ချောင်း ကျေးရွာအုပ်စု အတွင်းရှိ အိမ်ခြေ (၁၃၀၀) ခန့် လျှပ်စစ်မီးရရှိကာ လူဦးရေ (၄၅၀၀) ကျော် (၂၄) နာရီ လျှပ်စစ်မီး သုံးစွဲခွင့်ရတော့မည်ဖြစ်ကြောင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်စို့၏ ပြောပြချက်အရ သိရှိရသည်။

 

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)