ဟိုင်းကြီးကျွန်း ၁၆ မေ
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းဒေသအတွင်းရှိ ငါးပြေမဓာတ်အားခွဲရုံနှင့် ကျုံကူးဓာတ်အားခွဲရုံများသို့ ယနေ့ မေ ၁၆ ရက် နံနက်ပိုင်းမှစ၍ ဓာတ်အားပို့လွှတ်မှုများ ပြတ်တောက်ခဲ့ပြီး ဒေသတွင်း လျှပ်စစ်မီး ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
လျှပ်စစ်မီးပြတ်တောက်ရခြင်းမှာ ငရုတ်ကောင်းတောင် ဓာတ်အားခွဲရုံနှင့် ငါးပြေမဓာတ်အားခွဲရုံကြား ပုသိမ်-မော်တင်ကား လမ်းတစ်လျှောက် တောတောင်များအတွင်း ဖြတ်ကျော်သွယ်တန်းထားသည့် ၆၆ ကေဗွီ ဓာတ်အားလိုင်း လိုင်းအပြစ် ဖြစ်ပေါ်နေခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဟိုင်းကြီးကျွန်းမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက သိရှိရသည်။
လျှပ်စစ်မီး အမြန်ပြန်လွှတ်ပေးနိုင်ရန်အတွက် အဆိုပါ လိုင်းအပြစ်ဖြစ်ပေါ်နေသောနေရာကို အမြန်ဆုံးရှာဖွေ တွေ့ရှိနိုင်ရေးအတွက် လျှပ်စစ်ဝန်ထမ်းများ ကြိုးပမ်းရှာဖွေလျက်ရှိကြောင်း သိရှိရသည်။
လတ်တလော လျှပ်စစ်မီးပြတ်တောက်သွားခြင်းနှင့် ပတ်သက်၍ ဟိုင်းကြီးကျွန်းဒေသအတွင်း မီးသုံးစွဲသူ ပြည်သူများအား သည်းခံစောင့်ဆိုင်းပေးကြပါရန် အထူးမေတ္တာရပ်ခံထားကြောင်း ဟိုင်းကြီးကျွန်းမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


