ဟိုင်းကြီးကျွန်း ၁၆ သြဂုတ် 

ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ မြို့သစ်ကျေးရွာအုပ်စု၊ မြို့သစ်ကျေးရွာတွင် စိုက်ပျိုးရေး ဦးစီးဌာန၊ မေတ္တာအဖွဲ့နှင့် နှင်းမလင်း (PGS) စီးပွားဖြစ် မျိုးစေ့ထုတ်တောင်သူအဖွဲ့တို့ ပူးပေါင်း၍ တောင်သူဦးမြင့်ဝင်း၏ လယ်မြေ၌ ထွန်တုံးပိတ် ကောက်စိုက်သရုပ်ပြပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
    
အခမ်းအနားတွင် မြေဆီလွှာအဟာရဓာတ် စစ်ဆေးချက်မှတ်တမ်းများကို ဟိုင်းကြီကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးကိုယ်စား အကြီးတန်းစာရေး ဦးကျော်စိုးလှိုင်က ပေးအပ်ရာ မြိုသစ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကိုယ်စား ရာအိမ်မှူး ဦးသိန်းအောင်က လက်ခံရယူခဲ့သည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးတင်ညိုက မျိုးစေ့ထုတ်တောင်သူများ၏ လယ်ဆွဲကတ်များကို ပေးအပ်ရာ တောင်သူဦးမြင့်ဝင်းက လက်ခံရယူခဲ့ကြောင်းသိရှိရသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူးက အခမ်းအနားသို့ တက်ရောက်လာကြသော တောင်သူများအား  စီးပွားဖြစ် မျိုးသန့်မျိုးစေ့ထုတ်လုပ်ပုံ အဆင့်ဆင့်ကို ဆွေးနွေးဟောပြောခဲ့ပြီး တောင်သူများ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ မြိုသစ် ကျေးရွာတွင် တောင်သူ (၁၂) ဦးက ပေါ်ဆန်းရင် လယ် (၁၂) ဧကကို မျိုးသန့်စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်းလည်း သိရှိရသည်။
    
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ကောက်စိုက်သမများ၏ ထွန်တုံးပိတ် ကောက်စိုက်သရုပ်ပြမှုကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အခမ်းအနားသို့ ဟိုင်းကြီးကျွန်းမြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များ၊ မေတ္တာအဖွဲ့၊ နှင်းမလင်း (PGS) စီးပွားဖြစ် မျိုးစေ့ထုတ် တောင်သူအဖွဲ့နှင့် ဒေသခံတောင်သူ (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)