ဟိုင်းကြီးကျွန်း၊    ၂၉   ဒီဇင်ဘာ

ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာအုပ်စု (၆)စုအား အပေါ့စားအရေးပေါ် မီးသတ်စက်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ  ၂၉ ရက် နံနက် ၈ နာရီက ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲကို ဧရာဝတီတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဦး နှင့် တာဝန်ရှိသူများ၊ မြို့နယ်အုပ်ချုပ်​ရေးမှူး ဦးအောင်​ကျော်ထွန်း၊ မြို့မီးသတ်စခန်းမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု ၆ ခုမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြို့အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားရာ အပေါ့စားအရေးပေါ်မီးသတ်စက်များ ရရှိအောင် ဆောင်ရွက်ခဲ့မှုနှင့် အခြားကျေးရွာများလည်း ရရှိအောင်ဆောင်ရွက်နေကြောင်း ရှင်းလင်း ဆွေးနွေးသည်။ ထို့နောက် တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းဦးက အပေါ့စားအရေးပေါ်မီးသတ်စက်အသုံးပြုပုံနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် ရေးလုပ်ငန်းများအား ရှင်းလင်း​ပြောကြားခဲ့သည်။

ဆက်လက်၍ ချောင်းဝကျေးရွာအုပ်စု၊ ပြင်ခရိုင်ကျေးရွာအုပ်စု၊ ဝါးကုန်းကျေးရွာအုပ်စု၊ အုတ်တွင်းကျေးရွာအုပ်စု၊ ဒီးဒူးကုန်းကျေးရွာအုပ်စုနှင့် သက်ကယ်သောင်ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများအား အရေးပေါ်မီးသတ်စက်နှင့် ဆက်စပ်ပစ္စည်းများပေးအပ်ပြီး လိုအပ်သည် များရှိပါက တင်ပြရန်ပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးများကလည်း ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း  သိရသည်။

လှိုင်မျိုးအောင်(ပြန်/ဆက်)