ဟိုင်းကြီးကျွန်း ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့၌ တည်ထားကိုးကွယ်လျက်ရှိသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပွဲတော်ကာလအနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားများပြားလျက်ရှိပြီး အစိုးရရုံးပိတ်ရက်များတွင် ဘုရားဖူးအများအပြား ပိုမိုလာရောက်ကြ၍ တည်းခိုဆောင်များပြည့်သည်အထိ လာရောက်ကြသည်။
ကုသိုလ်ယူပါဝင်လှူဒါန်း
ဘုရားဖူးလာရောက်ကြသူများသည် စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် အနီးဝန်းကျင်ရှိ တည်းခိုဆောင်များတွင် အနားယူအပန်းဖြေကြကာ နံနက်စောစောညနေနှင့် ညချမ်းအချိန်တွင် စေတီတော်ကြီးအား တက်ရောက်ဖူးမြော်ပြီး အဓိဋ္ဌာန်ဝင်ခြင်း၊ ပရိတ်/ပဋ္ဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆီမီး၊ ပန်း၊ ရေချမ်း ကပ်လှူပူဇော်ခြင်း၊တရားဘာဝနာအားထုတ်ခြင်းနှင့် နံနက်အရုဏ်တက်ချိန်တွင် အရုဏ်ဆွမ်းကပ်၍ ဘုရားဝတ်ပြုခြင်းတို့ကို ပြုလုပ်ကြပြီး ဘုရားကြီး၏ ရင်ပြင်တော်တိုးချဲ့တည်ဆောက်နေမှုလုပ်ငန်းများနှင့် ဘက်စုံပြုပြင်ရန်အတွက် အလှူငွေများ ကုသိုလ်ယူပါဝင်လှူဒါန်းကြသည်။
ဆက်လက်ပြီး ဘုရားဖူးဧည့်သည်များသည် ပင်လယ်ကမ်းခြေဒေသ၏ လှပသောသဘာဝတရားကို ကြည့်ရှုခံစားပြီး ကျောက်ဆောင်များပေါ်တွင် အလှဓာတ်ပုံများရိုက်ကူးခြင်း၊ ကျောက္ကလပ်သို့ သွားရောက်လည်ပတ်ကြခြင်း၊ ဟိုင်းကြီးကျွန်းပေါ်ရှိ သမိုင်းဝင်နေရာများနှင့် ဘုရားစေတီပုထိုးများအား သွားရောက်ဖူးမြော်ကြပြီး ငွေတောင်ရေချိုး ဆိပ်သို့သွားရောက်ကာ ရေကူးအပန်းဖြေအနားယူကြကြောင်း သိရသည်။
လှိုင်မျိုးအောင်


