ဟိုင်းကြီးကျွန်း မတ် ၂၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့တွင် မုန်တိုင်းဖြတ်ကျော်မည့် အခြေအနေနှင့်ပတ်သက်၍ သတိပေးကြေညာချက်များကို ယနေ့နံနက်ပိုင်းက လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

 

အားကောင်းသော မုန်တိုင်းငယ်သည် ဟိုင်းကြီးကျွန်းမြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၅)မိုင်ခန့်အကွာတွင် ရောက်ရှိနေပြီး ယနေ့နေ့လယ်ပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သောကြောင့် ဟိုင်းကြီးကျွန်းမြို့နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများတွင် နေထိုင်သော ပြည်သူများ သတိပြုနေထိုင်ကြရန်နှင့် ပင်လယ်ပြင်သို့ထွက်ခွာခြင်း မပြုရန်၊ မြေနိမ့်ဒေသများတွင် နေထိုင်ကြသူများ ကုန်းမြင့်ရေလွတ်ရာသို့ ချက်ချင်းပြောင်းရွေ့ကြရန်၊ မုန်တိုင်းသတိပေး နှိုးဆော်ချက်များကို အလေးထား လိုက်နာဆောင်ရွက်ကြရန် မြို့သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ လမ်းကြိုလမ်းကြားများမကျန် မီးသတ်ယာဉ်များဖြင့် လိုက်လံသတိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

 

လှိုင်မျိုးအောင်(ပြန်/ဆက်)