မှော်ဘီ ၉ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ရန်ကုန်-ပြည်လမ်းပေါ်၌ ဟိုင်းလပ် Surf နှင့် အနောက်ပိုင်း တက္ကသိုလ်ကြိုပို့ယာဉ် တို့ မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး မှောဘီမြို့နယ် ရန်ကုန်-ပြည်လမ်းအတိုင်း မှော်ဘီဘက်မှ ထောက်ကြန့်ဘက်သို့ ဇန်နဝါရီ ၈ ရက် ညနေ ၅ နာရီခန့်က ယာဉ်မောင်း ကိုဇော်လင်း မောင်းနှင်လာသော 5D/------ ဟိုင်းလပ် Surf ခဲ/ပြာ ရောင်ယာဉ်သည် မှော်ဘီမြို့နယ် အမှတ်(၁)ရပ်ကွက် မိုင်တိုင်အမှတ် (၃၀/၂) နှင့် (၃၀/၃) ကြား (ထန်းတပင်တာဆုံအကျော်) အရောက်၌ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရောက်ရှိကာ မျက်နှာချင်းဆိုင်မှ ကိုမင်းမင်းထွန်း(၄၁)နှစ် အမှတ်(၁)ရပ်ကွက် ရွာသစ်ကုန်း(၄)လမ်း မြောင်းတကာကျေးရွာ မှော်ဘီမြို့နယ်နေသူ မောင်းနှင်လာသော အနောက်ပိုင်းတက္ကသိုလ်ကြို ပို့ယာဉ် 9M/------------ဟွန်ဒိုင်း ဘတ်စ်ကား နီ/နက်ရောင်(ငှား)ဖယ်ရီယာဉ်အား ဝင်ရောက်တိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ဟိုင်းလပ်ယာဉ်မောင်း ကိုဇော်လင်းနှင့် ၄င်းယာဉ်ပေါ်ပါ ကိုအောင်လင်းတို့မှာ ရန်ကုန်ဆေးရုံကြီး အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် လည်းကောင်း၊ ဦးအေးမှာ မှော်ဘီဆေးရုံအတွင်း လူနာအဖြစ် တက်ရောက်ကုသခဲ့ရကြောင်း သိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အားပေါ့ဆစွာမောင်းနှင်သူ ဟိုင်းလပ် Surf ယာဉ်မောင်း ကိုဇော်လင်း ၄၂နှစ်အား တညင်းကုန်းရပ်ကွက် အင်းစိန်မြို့နယ်နေသူအား မှော်ဘီမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းလှိုင်(မြိုင်)