ဟိုပန် မတ် ၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်နှင့် ရင်နှီးကျွမ်းဝင်မှုရှိစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် ပင်ကိုယ်ဉာဏ်ရည်ဉာဏ်သွေးများ ပိုမိုထက်မြက်စေရန်၊ အသိပညာဗဟုသုတများ ရရှိစေရန်တို့ကို ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို မတ် ၁၅ ရက်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဟိုပန်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဇင်ဇင်သန့်က ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇာထွန်းက " စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ " ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၂)ဦးက ဇာတ်လမ်း-မနှင်းဖွေး၊ သရုပ်ဖော်-ထွန်းထွန်းဝင်း (ရန်ကုန်တက္ကသိုလ်) ၏ " တန်ဖိုး ကိုယ်စီ" ပုံပြင်စာအုပ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ဟိုပန်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ဆုရရှိသူများနှင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများနှင့် မေတ္တာလက်ဆောင်များ အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်


