ဟိုပင် ၁၈ စက်တင်ဘာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးစီးသည့် အထူးကုဆရာဝန်များ ပါဝင်သောအဖွဲ့မှ အခမဲ့ဆေးကုသ ပေးမည့် အစီအစဉ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင် နှင့် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော်တို့က ဆေးကုသရန် လိုအပ်သူတိုင်း ကုသနိုင်ရန်၊ မြို့လူမှုကူညီရေး အသင်းအဖွဲ့များက ယာဉ်များကူညီ ဆောင်ရွက်ရန်၊ အသေးစားခွဲစိတ်မှုများကို ဟိုပင်ပြည်သူ့ဆေးရုံတွင် ပြုလုပ်နိုင်အောင် ဆောင်ရွက်ရန်၊ အကြီးစားခွဲစိတ်မှုများ ပါလာနိုင်သည့်အတွက် ကြိုတင်ဆောင်ရွက်ထားရန် တို့ကိုအကြံပြု ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက လူနာစောင့်နှင့် လူနာများအတွက် ဧည့်ခံကျွေးမွေးရန်၊ ဧည့်ကြိုရန်၊ လူနာများကိုကြိုရန်၊ လိုအပ်သည့် ဆေးဝါးကိစ္စနှင့် တရားပွဲဖြစ်မြောက်ရန် စသည့် လိုအပ်သည်များကို တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၄င်း ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက ဦးစီးသည့် အထူးကုဆရာဝန်များ ပါဝင်သော အခမဲ့ ဆေးကုသအဖွဲ့သည် ကချင်ပြည်နယ် ဟိုပင်မြို့တွင် ပထမအကြိမ်အဖြစ် ဟိုပင်မြို့ မြို့တော်ခန်းမ၊ ထွေ/အုပ်ခန်းမ၊ မိခင်ကလေး သားဖွားခန်းတို့၌ အောက်တိုဘာ နောက်ဆုံးပတ်တွင် လာရောက်ပြီး တစ်နေ့လျှင် လူနာ ၂၀ဝ၀ ဦးခန့်ကို ၅ ရက်ကြာ အခမဲ့ ကွင်းဆင်း ကုသပေးသွားမည်ဖြစ်ပါသည်။
၄င်းပြင် ရွှေပါရမီအရှင်ဆန္ဒာဓိက ဆရာတော်က နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
တိုးတိုးမေ-ဟိုပင်


