ဟိုပင် ၂၂ ဇူလိုင်
ကချင်ပြည်နယ်၊ ဟိုပင်မြို့၌ ဆင်တုပ်ကွေးရောဂါ အဖြစ်များသဖြင့် ဇူလိုင် ၂၁ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ အခမဲ့ ကုသပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆေးကုသခြင်းကို မိုးညှင်းခရိုင် ကျန်းမာရေးမှူး ဦးလှဌေး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ နယ်မြေခံ တပ်ရင်းမှ ဆေးဗိုလ်ကြီး ဒေါက်တာရန်မျိုးအောင်နှင့် အဖွဲ့၊ မေတ္တာရိပ်အဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များ စုပေါင်းလှူဒါန်းငွေများဖြင့် တစ်ရက်လျှင် လူနာ ၅၀ဝ ကျော်ကို အခမဲ့ ကုသပေးလျက်ရှိကြောင်း သိရသည်။
ထို့ပြင် တပ်မတော် အထွေထွေ နယ်လှည့်ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့မှ ကလေးအထူးကုပါရဂူ ဗိုလ်ကြီး စိုင်းမျိုးထွဋ် ဦးဆောင်သည့် အထွေထွေရောဂါအထူးကု ပါရဂူနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံ တပ်ရင်းများမှ ဆေးမှူးများနှင့် ဟိုပင်မြို့ လူမှုကူညီရေး အသင်းအဖွဲ့ဝင်များက အ.ထ.က တေဇခန်းမ၌ ဇူလိုင် ၂၀ ရက်မှ ၂၁ ရက်အထိ ၂ ရက်ကြာ အခမဲ့ကုသပေးခဲ့သည်။
ထို့နောက် ဆင်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာများကို ခရိုင်ကျန်းမာရေးမှူး ဦးလှဌေးက ပြောကြားခဲ့ပြီး ဆေးကုသခြင်းကို ဟိုပင်မြို့နယ်အတွင်းရှိ ဆင်တုပ်ကွေးရောဂါသည်များ လျော့ကျသည့်အထိ ဆက်လက် ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုးတိုးမေ(ဟိုပင်)


