ဟိုပင် ၄ မေ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ အ.ထ.က ၁ စောင့်ကြည့်ရေးစခန်းမှ Quarantine ၂၁ ရက် ပြည့်ပြီးသူ အမျိုးသား ၃ ဦးကို ယနေ့ နံနက် ၁၀ နာရီက အိမ်ပြန်ခွင့်ပေးလိုက်ကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုမဖြစ်စေရေးနှင့် ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် တရုတ်နိုင်ငံမှ ပြည်လည်ရောက်ရှိလာသော ကန်ပိုက်တီဂိတ်၊ လွယ်ဂျယ်ဂိတ်များမှ လွှဲပြောင်းပေးခဲ့သော ပြည်သူများနှင့် ပြည်တွင်း ကိုဗစ်-၁၉ ဖြစ်ပွားရာဒေသများမှ ပြည်လည်ရောက်ရှိလာသူများအား ဧပြီ ၁၃ ရက်မှစတင်၍ ဟိုပင် အ.ထ.က ၁ နှင့် ကျေးရွာအုပ်စုများရှိ အ.မ.က ခွဲများ၊ အ.ထ.က ကျောင်းများတွင် Quarantine ၂၁ ရက် သီးခြားနေထိုင်စောင့်ကြည့်ရန် ဆောင်ရွက်ထားရှိပြီး ၁ ရက်လျှင် နှစ်ကြိမ် နံနက် ၉ နာရီနှင့် ညနေ ၂ နာရီတွင် အပူချိန်တိုင်းတာခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ တစ်ဦးတစ်ယောက်မှ ဖျားခြင်း၊ ချောင်းဆိုးခြင်းများ မရှိကြောင်း သိရှိရသည်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ စောင့်ကြည့်ရေးစခန်း အ.ထ.က ဟိုပင်တွင် စုစုပေါင်း ၅၀ ဦး၊ ကန့်သတ်စောင့်ကြည့်ခံယူလျက်ရှိပြီး အသွားအလာကန့်သတ်ခြင်းကာလ ၂၁ ရက်ပြည့်ပြီးသူ အမျိုးသား ၃ ဦးကို အိမ်ပြန်ခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်းနှင့် ကျန်းမာရေးဆရာမ ဒေါ်စန္ဒာဝင်းက အိမ်တွင် ကတ်သန့်ခြင်း နောက်ထပ် ၇ ရက်အတွင်း လိုက်နာဆောင်ရွက်ရမည့်အချက်များ မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများအတွက် လမ်းညွှန်ချက်များ၊ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉ ကို မိမိကစ၍ ကာကွယ်ပါ စသည့် ကျန်းမာရေး အသိပညာပေး အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
တိုးတိုးမေ− ဟိုပင်


