ဟိုပင် ၃၀ ဇန်နဝါရီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ မြစံပယ် မူလွန်ကျောင်း၌ ယမန်နေ့နံနက် ၉ နာရီက ပညာရေးစုံညီပွဲတော်၊ အလင်းသစ်စာကြည့်တိုက်နှင့် အေးမြသာယာအဆောင် ကျောင်းဆောင်သစ် ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ အ.ထ.က မြသီတာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်အေးနှင့် မြသီတာအုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွန်းတို့က အမှာစကားပြောကြားကြပြီး ကျောင်းအကျိုးတော်ဆောင် ဉက္ကဋ္ဌ ဦးကျော်ခိုင် က ကျောင်း၏ လိုအပ်ချက်များ ပြောကြားခဲ့သည်။
ဆက်လက်၍ အ.မ.က မူလွန်ကျောင်းအုပ်ဆရာမကြီး ဒေါ်မြကြည်က ပညာရေး၊ ကျောင်း၏ရေးရာ အဖြာဖြာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၁၉−၂၀၂၀ ပညာသင်နှစ်တွင် ဉာဏစွမ်းရည်၊ ကာယစွမ်းရည်ပြိုင်ပွဲများတွင် ထူးချွန်ဆုရ ကျောင်းသား ကျောင်းသူများကို တာဝန်ရှိသူများက အသီးသီး ဆုချီးမြှင့်ကြသည်။ ၄င်းနောက် ကျောင်းသား ကျောင်းသူလေးများက အကအလှများဖြင့် ကပြဖျော်ဖြေ ခဲ့ကြသည်။
အဆိုပါကျောင်းဆောင်သစ်သည် အလျား ပေ ၁၂၀ × အနံ ပေ ၃၀ × အမြင့် ၁၂ ပေ ရှိပြီး ပြည်ထောင်စုရန်ပုံငွေ ကျပ်သိန်း ၆၀၀ ဖြင့် မြတ်ထက်စံကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဒေါ်အေးသက်ဇွန် က တာဝန်ယူဆောက်လုပ်ခဲ့ကြောင်း သိရသည်။
(တိုးတိုးမေ-ဟိုပင်)