ဟိုပန်   နိုဝင်ဘာ ၁၂

 “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် အသက်(၇၀)နှင့်အထက် သက်ကြီး ဘိုးဘွားများအား ထောက်ပံ့ပစ္စည်းပေးအပ်ခြင်းကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်က  ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သက်ကြီးဘိုးဘွားများအနေဖြင့် အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လူတိုင်း ထိုးနှံသွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် အသက်(၇၀)နှင့်အထက်သက်ကြီးဘိုးဘွားများကို ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်တာဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဘိုးအဘွားများက လက်ခံရယူခဲ့ကြသည်။ ဆက်လက်၍ ဟိုပန်မြို့နေ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး ဥက္ကဋ္ဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

ယနေ့တွင် ဟိုပန်မြို့နယ်တွင်းရှိ အသက်(၇၀)နှစ်နှင့်အထက် အဘိုး(၃၃၄)ဦး၊ အဘွား (၃၅၇)ဦး၊ စုစုပေါင်း(၆၉၁)ဦးကို တန်ဖိုးငွေကျပ်(၆၉၄၂၇၀၀/-)ရှိ ပစ္စည်းများကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)