ဟိုပန် ၊ ၂၅ ဒီဇင်ဘာ
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့သို့ ကိုဗစ်-၁၉ ကာလအတွင်း ပဲသီးဆွတ်ခူးရန် အခြားမြို့နယ်များမှ လာရောက်သည့် အလုပ်သမားများကို မြို့ဝင်စစ်ဆေးရေးဂိတ်တွင် စနစ်တကျ ကျန်းမာရေးစစ်ဆေးခြင်း၊ Site Quarantine (၁၄)ရက်ထားရှိခြင်းတို့ကို ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။
ဒီဇင်ဘာ ၂၄ ရက် နံနက် ၁၀ နာရီက မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမင်းသူကျော် ဦးဆောင်သော အဖွဲ့နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်း ဦးဆောင်သောအဖွဲ့သည် မန်မိုင်၊ နမ့်လျှံရပ်ကွက်၊ မော်ဟွေ့၊ ဟင်းနား၊ နောင်ဟေ့ကျေးရွာများရှိ ပဲခင်းများတွင် Site Qurantine (၁၄)ရက် နေထိုင်လျက်ရှိသော အလုပ်သမားများအား ညွှန်ကြားချက်များနှင့်အညီ နေထိုင်မှုရှိ/မရှိ၊ အသွားအလာကန့်သတ် ထားသည့်ကာလအတွင်း စည်းကမ်းချက်များ လိုက်နာမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး လိုက်နာမှုမရှိပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဥပဒေအရ အရေးယူသွားမည်ဖြစ်ပြီး နေမကောင်းဖျားနာခြင်းရှိပါက ခြံရှင်မှတစ်ဆင့် တာဝန်ရှိသူများထံ ဆက်သွယ်အသိပေးအကြောင်းကြားသွားရန် အသိပေး ရှင်းလင်းပြောကြားခဲ့သည်။
ဟိုပန်မြို့နယ်တွင် ယခုရာသီ၌ တိုင်ထောင်ပဲများကို စိုက်ပျိုးလျက်ရှိပြီး တစ်ဖက်နိုင်ငံသို့ တင်ပို့ လျက်ရှိသည်။ ကိုဗစ်ကာလ အလုပ်သမားရှားပါးသောကြောင့် လားရှိုး၊ သိန်းနီ၊ မိုင်းရယ်၊ တန့်ယန်း၊ သီပေါ၊ နမ္မတူ စသည့် မြို့နယ်များမှ ပဲသီးဆွတ်ခူးခြင်းလာရောက်လုပ်ကိုင်ကြခြင်းဖြစ်သည်။ ဒေသနေ တောင်သူများ၏ အကျိုးစီးပွား အဆင်ပြေစေရန်နှင့် အခြားမြို့နယ်များမှ လာရောက် လုပ်ကိုင်သည့် အလုပ်သမား(၁၀၀၀)ခန့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း ဦးစီးအဖွဲ့မှ ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်


