ဟိုပန် ၁၉ မေ
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် မေ ၁၄ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များသို့ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်းကို ယမန်နေ့က ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ခရိုင်တာဝန်ခံနှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့ရှိ လေဘေးသင့်သော ရုံးကုန်းရပ်ကွက်၊ ကောင်းဟုန်းရပ်ကွက်၊ မန်မိုင်ရပ်ကွက်၊ မိန်းပန်း (ရှမ်း)ရပ်ကွက်၊ မိန်းပန်းရပ်ကွက်၊ မန်ကောင်းရပ်ကွက်နှင့် နောင်မိုကျေးရွာ၊ ရွှေဝါကျေးရွာနှင့် မော်ဟွေ့ ကျေးရွာတို့မှ လေဘေးသင့်အိမ်ထောင်စု (၁၉၉)စုနှင့် ဘုန်းတော်ကြီးကျောင်း(၁)အနက် နေအိမ် ပြိုကျပျက်စီးသည့် အိမ်ထောင်စု(၅)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၉)သောင်းနှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးစီကိုလည်းကောင်း၊ ကျန်အိမ်ထောင်စုများအား ပျက်စီးမှုအလိုက် ငွေသားတို့ကို ထောက်ပံ့ပေးအပ်ရာ စုစုပေါင်း တန်ဖိုးငွေကျပ် (၇၅၆၇၀ဝ၀)ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းဇော်ခမ်း(ပြန်/ဆက်)


