ဟိုပုံး ၂၃ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ရောင်းချလျက်ရှိသည့် ဆေးမျိုးစုံဆိုင်များတွင် FDA မှ တားမြစ်ထားသော ဆေးဝါးများရောင်းချခြင်း ရှိ/မရှိအား ရှမ်းပြည်နယ် အစားသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန ပူးပေါင်းပါဝင်သောအဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ တောင်ကြီးမြို့ အမှတ်(၁၅) မှုခင်းတပ်ဖွဲ့စု ဒုရဲမှူး အောင်းစိုးမင်းနှင့် ရှမ်းပြည်နယ် အစားသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့များက ဆေးဆိုင်၊ အလှကုန်ပစ္စည်းဆိုင်များတွင် ဆေးဝါးရောင်းချခွင့်လိုင်စင် ရှိ/မရှိ၊ ဆေးဝါးရောင်းချခွင့် လိုင်စင်ရှိလျှင်လည်း ဆေးဆိုင်တွင် ကောင်းမွန်သော ဆေးရောင်းချခွင့် ရှိ/မရှိ၊ ဆေးတွေရှိရင် မှတ်ပုံတင်ထားသည့် ဆေးဝါးများ သက်တမ်းလွန်သည့်ဆေး၊ ပျက်စီးနေသည့်ဆေးများ၊ စနစ်တကျ ထားသိုရမည့်ပုံစံများ၊ လိုင်စင်ဆောင်ရွက်ထားခြင်း မရှိသည့်ဆေးနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့် ဆေးဝါးများ တွေ့ရှိလျှင် သိမ်းဆည်းခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာဝင်းက ပြောကြားခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


