ဟိုပုံး ၁၀ နိုဝင်ဘာ       

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီးဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြို့လုံးကျွတ်စုပေါင်း မဟာဘုံကထိန် လှည့်လည်ပူဇော်ပွဲကို ၁၃၈၁ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၁၄ ရက်၊ နိုဝင်ဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

 

စုပေါင်းမဟာဘုံကထိန်ပွဲတော် ပဒေသာပင်များအား ဟိုပုံးမြို့ သီရိမင်္ဂလာရွှေချမ်းသာ မွေတော်ဘုရားကြီးစုရပ်မှ မြို့တွင်းသို့ တစ်ပျော်တစ်ပါးစီတန်း လှည့်လည်ပူဇော်ကြပြီး ကံတက်ကျောင်းတိုက်သို့ ပို့ဆောင်လှူဒါန်းခဲ့ကြသည်။ အလှူတော်ငွေနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို တန်ဆောင်မုန်းလပြည့်နေ့ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဟိုပုံးမြို့ ကံတက်ကျောင်းတိုက်တွင် အလှူရေစက်ချ တရားနာမည်ဖြစ်ကြောင်း သိရသည်။

 

ယခုစုပေါင်းမဟာဘုံကထိန်ပွဲတော်တွင် ပဒေသာပင်ပေါင်း (၄၆)ပင်ရှိပြီး စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း (၂၁၆၁၁၆၇၀)တန်ဖိုးရှိ ပဒေသာပင်များနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စုပေါင်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

 

ခွန်ရဲထွေး(ဆီဆိုင်)