ဟိုပုံး ၇ ဇွန်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် ယနေ့နံနက်ပိုင်းက ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ ၈၈ ဦးအား နောင်တောင်းပရဟိတ ဘုန်းတော်ကြီးကျောင်းရှိ နောင်တောင်းမြရတနာ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ Facility Quarantine ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါစောင့်ကြည့်၊ စစ်ဆေး၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကြီးကြပ်မှုကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပရဟိတလူငယ်များက ကျန်းမာရေးစစ်ဆေးခြင်း၊ သတ်မှတ်အဆောင်အသီးသီးတွင် နေရာချထားပေးခြင်း၊ Facility Quarantine ဝင်ရောက်စဉ် လိုက်နာဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နေရပ်ပြန်ပြည်သူများသည် မြဝတီမြို့ အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာခြင်းဖြစ်ပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ၇၆ ဦး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ ၁၂ ဦးဖြစ်ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)


