ဟိုပုံး    ၁၉   နိုဝင်ဘာ 

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အတွင်းရှိ အသက် ၉ လမှ ၅ နှစ်ခွဲအရွယ် ကလေးငယ်တစ်သောင်းကျော်အား ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး အပိုဆောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက် နံနက် ၉ နာရီက မြို့နယ် ကျန်းမာရေး ဦးစီးဌာန၊ အစည်း အဝေးခန်းမ၌ပြုလုပ်သည့် နိုင်ငံတစ်ဝန်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲအခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်စံလွင် က အထက်ပါအတိုင်း ပြောကြားခဲ့သည်။

 

"မိခင်နှင့် ကလေးငယ်များအား ကူးစက်ရောဂါများနှင့် အခြားအကြောင်းကြောင့် သေဆုံးမှုများမှ လျော့နည်း ကျဆင်းစေပြီး ရောဂါများဖြစ်ပွားမှုမရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက် လျက်ရှိရာမှ အသက် ၁ နှစ်အောက် ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်အရ ကာကွယ်ဆေး ၁၁ မျိုး ထိုးနှံပေးခြင်းဖြင့် ကလေးများ၏ ကျန်းမာရေးကို တိုးတက်ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး "တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် တိုးတက် မြင့်မားရေး" ဆိုတဲ့ လူမူရေးဦးတည်ချက်ကြီးကို တစ်ဖက်တစ်လမ်းက လက်တွေ့ဖော်ဆောင် ပေးနေတာလဲ တွေ့ရပါကြောင်း၊ ဝက်သက်ရောဂါကာကွယ် ဆေးကို ကလေးငယ်များရဲ့ အသက် ၉ လအရွယ်မှ တစ်ကြိမ်၊ အသက် ၁၈ လမှာတစ်ကြိမ် စုစုပေါင်း ကာကွယ်ဆေး ၂ ကြိမ် ထိုးနှံ ပေးခြင်းဖြင့် ဝက်သက်ရောဂါဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ဝက်သက်ရောဂါ၏ နောက်ဆက်တွဲ ပြင်းထန်ရောဂါများဖြစ်ပွားသေဆုံးမှုများ မရှိစေရန် ဆောင်ရွက်လျက်ရှိရာမှာ မြန်မာနိုင်ငံ ဟာ(၂၀ဝ၉)ခုနှစ်မှ ဝက်သက်ရောဂါသေဆုံးမှုလျော့ချရေး ရည်မှန်းချက် ရရှိအောင်မြင်ပြီး ဖြစ်ပါကြောင်း၊ ဂျိုက်သိုးရောဂါဟာ ကူးစက်ခံရရင် ဝေဒနာပြင်းထန်ခြင်းမရှိပေမယ့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ချိန်မှာ ကူးစက်ခံရလျှင် ကိုယ်ဝန်ပျက်ခြင်း၊ ကလေးသေဆုံးခြင်း၊ မွေးဖွားလာမည့် ကလေးငယ်များ မွေးရာပါနှလုံးရောဂါ၊ မျက်စိအတွင်းတိမ်ရောဂါ၊ နားမကြားရောဂါ အစရှိသော ချို့ယွင်းချက်များဖြစ်ပေါ်ပြီး လူစဉ်မမီသော ကလေးများအဖြစ် မွေးဖွားလာနိုင်ပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၆၊ ၂၇၊ ၂၈ ရက်မှာ ဆောင်ရွက်မယ့်  အပိုဆောင်း ဝက်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေးထိုးလုပ်ငန်းမှာ အသက် ၉ လမှ ၅ နှစ်ခွဲအရွယ်ထိ ကလေးငယ်ပေါင်း တစ်သောင်းကျော်ကို ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါလို့" ဒေသဦးစီးအဖွဲ့ဉက္ကဌ ဦးခွန်စံလွင်က တိုက်တွန်းပြောကြားခဲ့သည်။

 

ထို့နောက် ဟိုပုံးမြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်းမှ နိုင်ငံတစ်ဝန်း ဝက်သက်- ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းအကြောင်းကို အသိပေး ဆွေးနွေးတင်ပြခဲ့ ကြောင်းသိရသည်။

 

ဆက်လက်ပြီး ဒေသဦးစီးအဖွဲ့ဉက္ကဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများသည် အမျိုးသမီးလူနာ ကုသဆောင်၊ အမျိုးသားလူနာကုသဆောင်၊ သားဖွားလူနာကုသဆောင်နှင့် အထူးကုသဆောင်တို့မှ ဆေးရုံတက်ရောက် ကုသမှုခံယူနေသော လူနာစုစုပေါင်း(၃၅)ဦးအား အားပေးစကား ပြောကြားခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)