mdn

ဟိုပုံး ၂၃ အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ကျေးရွာအုပ်စုများတွင် ထားရှိဆောင်ရွက်မည့် မဲရုံများသို့ ယနေ့ နံနက် နာရီမှ စတင်၍ တာဝန်ရှိသူများက ကွင်းဆင်းပြီး ဆွေးနွေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် အဖွဲ့တို့သည် ပေါင်လင်းကျေးရွာအုပ်စု၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ ကုန်းကျိုင်းကျေးရွာအုပ်စုနှင့် လုံဟေးကျေးရွာအုပ်စုများမှ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် (အဖွဲ့ခွဲ) ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးများနှင့် တွေ့ဆုံကာ ထားရှိဆောင်ရွက်သွားမည့် မဲရုံများအား လိုက်လံကြည့်ရှုပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် အဖွဲ့များက ရွေးကောက်ပွဲကျင်းပရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မဲရုံများတွင် တာဝန်ယူဆောင်ရွက်သွားကြမည့်သူများ အနေနဲ့လည်း ရောဂါပိုးကူးစက် မခံရဖို့လိုကြောင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှိုင်ထွေးမှ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာများ ဆောင်ရွက်ထားရှိမှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာ မောင်မောင်သိန်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်က မဲရုံများတွင် တာဝန်ယူဆောင်ရွက်ကြမည့်သူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

 

ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ယနေ့အချိန်ထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ (၇၉၄၇၃)ဦး၊ မဲရုံပေါင်း(၈၀)ရုံ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံမှ သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)