နေပြည်တော် ၁ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ၂၀၂၀ ပြည့်နှစ်ပါတီစုံ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရန် မဲရုံလုံခြုံရေးအထူးရဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက အ.ထ.က(၁)ကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲကြီးကို နိုင်ငံတစ်ဝှမ်းလုံးတွင် တစ်ပြိုင်တည်း ကျင်းပသွားမည် ဖြစ်ကြောင်း အထွေထွေရွေးကောက်ပွဲကျင်းပရန်အချိန်အားဖြင့် တစ်လကျော်သာကျန်ရှိပြီး ယခုအချိန်သည် ရွေးကောက်ပွဲလုံခြုံရေး အကြိုကာလဖြစ်သည့်အတွက် အထူးရဲများအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် ကိစ္စဆိုင်ရာစည်းကမ်းများ၊ တာဝန်ဝတ္တရားများ၊ စည်းကမ်းသေဝပ်မှု၊ လက်နက်၊ ဝတ်စားတန်ဆာ၊ ယေဘုယျအား ဖြင့်အထူးရဲများအား မိမိတို့တာဝန်ဝတ္တရားများကို ကျေပွန်စွာဆောင်ရွက်နိုင်ရန်နှင့် လုပ်ပိုင်ခွင့်အာဏာ အလွဲသုံးစားမှု၊ တာဝန်ဝတ္တရားများ ဆောင်ရွက်ရာတွင် ပေါ့လျော့စွာဆောင်ရွက်မှုများကို ကာကွယ်ရန် အထူးရဲတပ်ဖွဲ့ဝင်များ သိရှိလိုက်နာဆောင်ရွက်ရမည့် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများ၊ အခြားသိမှတ်ဖွယ်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး စံနှုန်းများနှင့် ကြေငြာစာတမ်းများစသည့် သိမှတ်ဖွယ်ရာများကို ထုတ်နုတ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သင်တန်းတွင်ပို့ချသင်ကြားပေးလိုက်သည့် သင်ခန်းစာများကို စနစ်တကျလေ့လာ၍ သန္ဓေတပ်ဖွဲ့ဝင်များနှင့်အတူ လက်တွဲပြီး အဆင်ပြေစွာ လုပ်တတ်၊ ကိုင်တတ်၊ တာဝန်ထမ်းဆောင် တတ်စေရန် လေ့ကျင့်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသားများအနေနဲ့ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်အညီ နည်းပြဆရာများရဲ့ သင်ကြားပို့ချမှုကို စိတ်ဝင်စားစွာ လေ့လာမှတ်သားကြရန်၊ သင်တန်းကာလတွင် စည်းကမ်းနှင့်အညီနေထိုင်ကြရန်၊ မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန် ယင်းသင်တန်း တက်ရောက်နေကြခြင်းဖြစ်သည်ဆိုသည့် အမျိုးသားရေး ခံယူချက်အပြည့်အဝထားရှိ သင်ယူကြရန်နှင့် လတ်တလောဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရေး သတ်မှတ်စည်းကမ်းများနှင့်အညီ နေထိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ဟိုပုံးမြို့နယ်တွင်မဲရုံပေါင်း (၈၀)ရှိပြီး မဲရုံတစ်ရုံလျှင် တစ်ဦးနှုန်းဖြင့် အထူးရဲတပ်ဖွဲ့(၈၀)ဦး တက်ရောက်ကြ မည်ဖြစ်ပြီး အဆိုပါသင်တန်းကို အောက်တိုဘာ ၁ ရက်မှ ၂၈ ရက်အထိ ဖွင့်လှစ်ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဂျိုင်းလော(သတင်းစဉ်)