ဟိုပုံး၊ ၂၁  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ လိုင်းကလျကျေးရွာအတွင်းရှိ သီးပွင့်ဆဲဘိန်းခင်း ၁၅ ဧကခန့်ကို ဇန်နဝါရီ ၂၀ ရက်က ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဖျက်ဆီးခဲ့ကြောင်း သိရသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဟိုပုံးမြို့မှ နယ်မြေခံတပ်မတော်သားများ၊ အမှတ်(၂၅) မူးယစ်တပ်ဖွဲ့စု(တောင်ကြီး)မှ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့က နောင်လိုင်မှုဖိတ်ကျေးရွာအုပ်စု၊ လိုင်းကလျကျေးရွာ၏ အရှေ့ဘက် ၅  ဖာလုံခန့်အကွာရှိ အမြင့် ၃ ပေခန့်အရွယ် သီးပွင့်ဆဲဘိန်းခင်း (၈) ဧကကိုလည်ကောင်း၊ နောင်လိုင်မှုဖိတ်ကျေးရွာအုပ်စု၊ လိုင်းကလျကျေးရွာ၏ အရှေ့ဘက် ၅ ဖာလုံခန့်အကွာ အမြင့် ၄ ပေခန့်အရွယ် သီးပွင့်ဆဲဘိန်းခင်း (၇)ဧကကိုလည်းကောင်း၊ စုစုပေါင်း ဘိန်းခင်း ၁၅ ဧကခန့်အား ဖျက်ဆီးခဲ့သည်။

 

ဟိုပုံးမြို့နယ်တွင် ဘိန်းခင်းများကို  နိုဝင်ဘာ ၂၇ ရက်မှ ဇန်နဝါရီ ၂၀ ရက်နေ့အထိ စုစုပေါင်း ဘိန်းခင်း ၁၁၂၀ ဧကခန့်အား ဖျက်ဆီးပြီးဖြစ်၍ ဘိန်းခင်းဖျက်ဆီးခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘိန်းအစားထိုးဈေးကွက်ဝင် သီးနှံစိုက်ပျိုးရန် စီမံချက်များရေးဆွဲ၍ ဘိန်းစိုက်ပျိုးခြင်းရပ်တန့်ကာ အခြားစီးပွားဖြစ် သီးနှံများ စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး လှိုင်ထွေးထံမှ သိရသည်။

 

ဟိုပုံးခရိုင်(ပြန်/ဆက်)