ဟိုပုံး ၃၀ ဇန်နဝါရီ   

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စွမ်းအားမြှင့်မီးဖို ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီ ၃၀ ရက် နံနက် ၁၀ နာရီအချိန်တွင်  ဟိုပုံးမြို့နယ် တောင်ရပ်ကွက်၊ လေးအိမ်ကုန်းရွာသစ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်သိန်းမှ စွမ်းအား မြှင့်မီးဖို အသုံးပြုပုံများကိုလည်းကောင်း၊ မြန်မာနိုင်ငံ ကျေးလက်ဒေသများတွင် လောင်စာထင်းသုံးစွဲမှုကို လျှော့ချလာနိုင်ခြင်း၊ သစ်တောပြုန်းတီးမှုကို ကာကွယ်နိုင်ခြင်း၊ မြန်မာနိုင်ငံအတွက် Carbon Credit များရရှိလာနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်ခြင်း၊ မြန်မာ့ ဆေးမားအူးလ်အွန်ဒုန် ကျေးရွာသစ်လှုပ်ရှားမှု လုပ်ငန်းများအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတစ်ရပ် ထူထောင်နိုင်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ရုံးများ၏ စိုက်ပျိုးပညာပေးရေးလုပ်ငန်းများအတွက် လိုအပ်သောမော်တော်ယာဉ်များ၊ Truck ကားများ၊ မော်တော်ဆိုင်ကယ်များ၊ Laptop ကွန်ပျူတာများ၊ Projector များစသည့် ထောက်ပံ့ပစ္စည်းများရရှိ လာနိုင်ပြီးတိုးချဲ့ ပညာပေးရေးလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်လာနိုင်ခြင်းများကို ရှင်းလင်းပြောကြားခဲ့သည်။  

 

ဆက်လက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြိို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးခင်မောင်သိန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်သန္တာလင်း တို့က တောင်ရပ်ကွက် လေးအိမ်ကုန်းရွာသစ် ပြည်သူများသို့ စွမ်းအားမြှင့်မီးဖိုများ အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။ ထို့နောက်ဟိုပုံးမြို့နယ်အတွင်း ကျေးရွာအုပ်စု(၁၆)အုပ်စု ကျေးရွာပေါင်း(၁၈၇)ရွာ Batch(A)အနေဖြင့် (၉၀)ရွာ၊ အိမ်ထောင်စုပေါင်း(၇၁၅၅)နှင့် Batch(B)အနေဖြင့် (၉၀)ရွာ၊ အိမ်ထောင်စုပေါင်း(၇၁၅၄) တို့ကိုလည်း စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

နေမင်းထွန်း(ပြန်/ဆက်)