ဟိုပုံး    ဇန်နဝါရီ   ၂၃

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းဝင် ကျေးရွာ (၁၀)ရွာမှ ကော်မတီဝင်များအား  ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ရေးဆွဲနည်းသင်တန်းနှင့် AVIP သင်တန်းဖွင့်ပွဲကို ဇန်နဝါရီလ ၂၂ရက်နေ့ နံနက်ပိုင်းက အဆိုပါဦးစီးဌာနအစည်း အဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 

 

အဆိုပါသင်တန်းတွင် စီမံကိန်းတာဝန်ခံနှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုး‌ရေးကော်မတီဝင်များအား ကျေးရွာသယံဇာတပြမြေပုံရေးဆွဲနည်း၊ ရာသီခွင်ပြ ပြက္ခဒိန်ရေးဆွဲနည်း၊ အိမ်ထောင်စုစာရင်းကောက်ယူခြင်း၊ (၄၈)ဇယားဖြည့်သွင်းနည်း၊ နှစ်စဉ်ကျေးရွာဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေးအစီအစဉ်နှင့် ပက်သက်သည့် သင်ခန်းစာများကို (၅)ရက်ကြာ သင်ကြားသွားမည်ဖြစ်သည်။

 

သင်တန်းသို့ ဟိုပုံးမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ထပ်တိုး အကောင်အထည်ဖော်ဆောင်ရွက်မည့် ကောင်သပြေကျေးရွာ၊ ဟိုဆင်ကျေးရွာ၊ နမ့်ပေါ်ခမ်းပေးကျေးရွာ၊ နမ့်ပေါ်ချောကျေးရွာ၊ ထီဆွေးကျေးရွာ၊ လုံဟေးကျေးရွာ၊ စံဖူးကျေးရွာ၊ ဗန်းစောက်ကျေးရွာ၊ ထမ့်လယ်ကျေးရွာနှင့် တလျနိုးကျေးရွာတို့မှ ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင် (၂၀) တက်ရောက်ကြကြောင်း  သိရသည်။


 
ချိုသန်းညွန့် (ကျေးလက်)