ဟိုပုံး မတ် ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောခြင်းကို မတ် ၁၉ ရက်က တာဝန်ရှိသူများမှ မိုင်းပျဉ်းကျေးရွာအုပ်စု၊ ဖာလိုင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး သိကောင်းစရာများနှင့် တောမီးကြောင့် သဘာဝ ပတ်ဝန်းကျင်၊ စိုက်ပျိုးမြေများ၊ ပြည်သူပိုင်ပစ္စည်းများ ပျက်စီဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် မီးခိုးမြူငွေ့ ဖြစ်ပေါ်သည့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့များတွင်ပါဝင်သော လေထုညစ်ညမ်းစေသည့်အရာများ၊ မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ကျန်းမာရေးဆိုင်ရာဆိုးကျိုးများ၊ ရိတ်သိမ်းပြီး ပြောင်းရိုးများကို သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်ရေး၊ သစ်တောများထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေး လုပ်ငန်းစဉ်များကို အသိပညာပေးဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော ပြည်သူများက သိရှိလိုသည့်အချက်များအား မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)


