ဟိုပုံး ဖေဖော်ဝါရီ ၂၃

 

နဝမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲကြီးတွင် စာအောင်သံဃာတော်များ၊ သီလရှင်များအား ဆွမ်းဆန်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပရိယတ္တိပါလကအသင်းကြီးက ကြီးမှူး၍ ဖာလွိုင်ဗွေလွန်းကျောင်းတိုက်၌ ကျင်းပသည်။

 

ဆွမ်းဆန်လောင်းလှူပွဲ၌ ဆရာတော်ကြီးများ၊ မြို့နယ်လုံးဆိုင်ရာ ပရိယတ္တိပါလက စာမေးပွဲကြီးတွင် စာအောင်သံဃာတော်များနှင့် သီလရှင်များအား ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ခေတ္တကျောင်းအုပ်ကြီး၊ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဆွမ်းဆန်လောင်းလှူကြပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

 

ထို့နောက် စာပွဲတော်အလုပ်အမှုဆောင် ဖာလွိုင် ဗွေလွန်းကျောင်းတိုက်ဆရာတော်က စာမေးပွဲ အကြောင်းအရာများကို လျှောက်ထားပြီး ပရိယတ္တိ ပါလက ဓမ္မာစရိယဘွဲ့ရ အရှင်သူမြတ်သုံးပါး၏ အတ္ထုပ္ပတ္တိအကျဉ်းကို ဖတ်ကြားသည်။

 

ယင်းနောက် ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် ပရိယတ္တိပါလကစာမေးပွဲတွင် ဖြေဆိုအောင်မြင်ခဲ့ကြသည့် ဟိုပုံးမြို့နယ်၊ တောင်ကြီးမြို့နယ်၊ ဆီဆိုင်မြို့နယ် ကျောက်တလုံးမြို့နယ်၊ ကလောမြို့နယ်၊ ညောင်‌ရွှေမြို့နယ်နှင့် အောင်ပန်းမြို့တို့မှ ဓမ္မာစရိယတန်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း၊ မူလတန်း၊ သေခိယတန်း၊ ပါဒကတန်းမှ ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း ၁၅၃၆ ပါး တို့အား အောင်လက်မှတ်နှင့် လူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)