ဟိုပုံး ၆ ဒီဇင်ဘာ
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် စံဖူးကျေးရွာအုပ်စု၊ ကျောက္ကချားကျေးရွာအတွင်းရှိ အမြင့်သုံးပေခွဲခန့်ရှိ သီးပွင့်ဆဲဘိန်းခင်းများကို ဒီဇင်ဘာ ၆ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်နှင့် တာဝန်ရှိသူများက ဖျက်ဆီးခဲ့ကြကြောင်းသိရသည်။
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် တင်ကိုကိုနှင့် တပ်ဖွဲ့ဝင်များ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊ ရှမ်းပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်မင်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ ဟိုပုံးမြို့တပ်နယ်မှ ဗိုလ်ကြီးဇေယျာဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ ဟိုပုံးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှိုင်ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မူးယစ်တပ်ဖွဲ့စု (၂၅) တောင်ကြီးမှ ရဲတပ်ကြပ်ကြီး ကျော်မြင့်အောင်တို့ပါဝင်သော ပူးပေါင်းဘိန်းဖျက်ဆီးရေးအဖွဲ့၊ မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုနှင့် မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်း အင်အား ၆၇ ဦးဖြင့် ဘိန်းစိုက်ခင်း ၃၂ ဧကကို သွားရောက်ဖျက်ဆီးခဲ့ကြကြောင်းသိရသည်။
ဟိုပုံးမြို့နယ်တွင် နိုဝင်ဘာ ၂၇ ရက်မှ စတင်ကာ ဘိန်းစိုက်ခင်းများကို စတင်ဖျက်ဆီးခဲ့ကြပြီး ဒီဇင်ဘာ ၆ ရက်တွင် ဘိန်းစိုက်ခင်း ၂၉၆ ဧကဖျက်ဆီးပြီးဖြစ်ကြောင်း ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဟိုပုံး (ပြန်/ဆက်)