နေပြည်တော် ၁၂ ဇန်နဝါရီ
မူးယစ်တပ်ဖွဲ့စု(၂၅) တောင်ကြီးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁၁ ရက် ညနေ ၆ နာရီခွဲက ဟိုပုံးမြို့နယ်၊ လွိုင်လင် - တောင်ကြီးကားလမ်း၊ လွယ်ဝိုးတုတ်ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၄၄/၃)တွင် စိုင်းစိန်ဟန် မောင်းနှင်ပြီး အိုက်စိုင်းဆာအောင် (ခ) စိုင်းဆာအောင် လိုက်ပါလာသည့် မော်တော်ယာဉ်အား နောက်ကြောင်းပြန်လှည့် မောင်းနှင်သွားသဖြင့် ပိတ်ဆို့ဖမ်းဆီးပြီး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၄၀ဝ၀ဝ၊ အိုက်စ် ၄ ကီလိုနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ယင်းနေ့မွန်းလွဲ ၁ နာရီက မြိတ်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ပုလဲလမ်းနှင့် အမှတ်(၆) လမ်းထောင့်လမ်းဆုံရှိ အငှားမော်တော်ဆိုင်ကယ်ဂိတ်တွင် မောင်ဦး (ခ) မတ်တာကီအားရှာဖွေရာ ၎င်း၏ဘောင်းဘီအိတ်ကပ်အတွင်းမှ စိတ်ကြွရူး သွပ်ဆေးပြား ၂၀ သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ရေပုန်းရပ်ကွက်၊ ဇင်ယော်မင်းလမ်းသွယ်သို့ သိန်းနိုင်မြင့် (ခ) အာယုခန်း မောင်းနှင်သည့် မော်တော်ဆိုင်ကယ်အား ရှာဖွေရာ ၎င်းထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ဝ၊ ရွှေလက်စွပ် ၃ ကွင်းနှင့် နားကွင်းတစ်ရံတို့ကိုလည်းကောင်း၊ ဆက်လက်၍ ညနေ ၄ နာရီခွဲတွင် သိန်းနိုင်မြင့် (ခ) အာယုခန်း၏ နေအိမ်ကိုရှာဖွေရာ နေအိမ်၌ စိုးနိုင် (ခ) ဟာဖွီးအား တွေ့ရှိရပြီး နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၉၀ဝ၀ဝ၊ ရွှေလက်စွပ်တစ်ကွင်း၊ မော်တော်ဆိုင်ကယ်တစ်စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကိုလည်းကောင်း ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
MDN