ဟိုပုံး  ၁  ဇူလိုင်

 

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသည့် စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေပေးအပ်ပွဲကို ယ​နေ့ နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းစဉ်များနှင့် ပြည်တွင်း၊ ပြည်ပပြန်များ အား အသွားအလာကန့်သတ် စောင့်ကြည့်နေရာများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင် ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့်  စေတနာ့ဝန်ထမ်းများအားလုံးကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်း ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

 

ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ကော်မတီဝင်များမှ ကိုဗစ် - ၁‌၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် စေတနာ့ဝန်ထမ်း များကို ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုငွေများပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်က ကိုဗစ် - ၁‌၉ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး Our Lovely Groupမှ စေတနာ့ဝန်ထမ်း ဦးအောင်ဇော်ထွေးက  ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးနန်းတင့်နှင့် ဌာနဆိုင်ရာများ၊ စေတနာ့ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

နေမင်းထွန်း(ဟိုပုံး)