မန္တလေး ၁၉ စက်တင်ဘာ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် ကဏ္ဍပေါင်းစုံမှ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်ရှိရာ ခရီးသွားလုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မဟာဗျူဟာများရေးဆွဲထားမှုအပေါ် မန္တလေးမြို့ရှိ ဟိုတယ်များ၏ အုပ်ချုပ်မှုကဏ္ဍတွင် ပါဝင်ပတ်သက်ဆောင်ရွက်လျက်ရှိသော ဟိုတယ်များမှ အထွေထွေမန်နေဂျာနှင့် မန်နေဂျာများ၏ အုပ်ချုပ်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာစေရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆိုင်ရာဟိုတယ်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် အမျိုးသားအဆင့် အာဆီယံဆရာဖြစ်သင်တန်း၊ အမှတ်စဉ် (၂/၂၀၁၈) သင်တန်းဆင်းပွဲအခမ်းအနားကို စက်တင်ဘာလ ၁၈ရက်နေ့ နံနက် ၉နာရီက ချမ်းအေး သာစံမြို့နယ်၊ ၃၂×၃၃လမ်းကြား၊ ၆၇လမ်းရှိ Hotel Sakura Princess ခန်းမတွင် ကျင်းပပြုလုပ်ရာ မန္တလေး တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူ တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြော ကြားကာ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။
"ထိုကဲ့သို့ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် အဓိကပါဝင်နေသည့် Managing Director, General Managerနှင့် မန်နေဂျာများ၊ လူ့စွမ်းအားအရင်းအမြစ်များ စွမ်းဆောင်ရည် မြင့်မားလာမည်ဆိုပါက ဟိုတယ်နှင့်ခရီး ကဏ္ဍသည် ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့် ခရီးသွား ဧည့်သည် (၇)သန်းခန့် ဝင်ရောက်လာချိန်တွင် ဟိုတယ်များနှင့် လုပ်ငန်းနယ်ပယ်အသီးသီးမှ ကျွမ်းကျင် ဝန်ထမ်းများ ရွေးထုတ်ပေးနိုင်ရေး၊ အဆင့်မြင့်ဝန်ဆောင်မှုများ ပေးနိုင်သောဝန်ထမ်းများ၊ လုပ်ငန်းနယ်ပယ် အသီးသီးမှ ကျွမ်းကျင်သူများပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်ပြီး ၎င်းပုဂ္ဂိုလ်များမှတစ်ဆင့် သင်တန်းများ လက်ဆင့် ကမ်းသင်ကြားပေးနိုင်ရန် ရည်ရွယ်သင်ကြား ပေးခြင်းဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။
အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (မန္တလေးဇုန်) ဥက္ကဋ္ဌ ဦးမင်းနိုင်က ဂုဏ်ပြုအားပေးစကားပြောကြား၍ တာဝန်ရှိသူများမှ သင်တန်းဆင်းလက်မှတ်များ တစ်ဦးချင်းပေးအပ်ခဲ့သည်။
တင်မောင်မန်းကိုယ်ပွား