ရန်ကုန်မြို့  ၁၇  မတ်  

 

မြန်မာနိုင်ငံ၏ ဟိုတယ်များအဆင့်အတန်း မြင့်မားရေးနှင့် အရည်အသွေးများတိုးတက် ကောင်းမွန်စေရန်ရည်ရွယ်၍ ဟိုတယ်များကြယ်ပွင့်အဆင့်အတန်းသတ်မှတ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် (၉) နာရီတွင် ရန်ကုန်မြို့ရှိ အင်းယားလိပ်ဟိုတယ်၌ ကျင်းပသည်။

 

အခမ်းအနားတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးဦးအုန်းမောင်  က ဟိုတယ်များကြယ်ပွင့်အဆင့်သတ်မှတ်ရေး ဆောင်ရွက်ရသည့် အခြေခံအကြောင်းအရင်းများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်သန်းဝင်းက ၂၀၁၁ ခုနှစ်တွင် ဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည့် ဟိုတယ်များကြယ်ပွင့်သတ်မှတ်ခြင်း ဆိုင်ရာ အမှတ်ပေး စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များအရ ဆောင်ရွက်ပြီးစီးခဲ့သည့်အခြေအနေများကို ရှင်းလင်းတင် ပြသည်။ 

 

ထို့နောက် အစည်းအဝေးတက် ရောက်လာသူများကလည်းကြယ်ပွင့်အဆင့် သတ်မှတ်ရေး လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ၂၀၁၁ ခုနှစ်က ထုတ်ပြန်ခဲ့သည့် အမှတ်ပေးစည်းမျဉ်းသတ်မှတ်ချက်များနှင့် ၎င်းတို့၏ အတွေ့အကြုံများပေါ် အခြေခံကာလက်တွေ့အမြင်များနှင့် ရှေ့ဆက်ဆောင်ရွက်ရာ တွင် ထည့်သွင်းစဉ်းစားရမည့်အချက် အလက်များကိုအကျယ်တဝင့် အပြန်အလှန် ဆွေးနွေး တင်ပြခဲ့ကြသည်။ ထို့အပြင်နိုင်ငံတကာနှင့် UNWTO မှ ကျွမ်းကျင်ပညာရှင်များဖိတ်ကြား၍ နိုင်ငံတကာနှင့်ဒေသတွင်းမှ သတ်မှတ်ချက်များကိုကျယ်ကျယ်ပြန့်ပြန့်အခြေခံ၍ နိုင်ငံတွင်းအခြေ အနေများနှင့် လိုက်လျောညီထွေမှုရှိမည့် သတ်မှတ်ချက်များဖော်ထုတ်နိုင်ရေး ဆောင်ရွက်သွားမည် ဖြစ်သည်။

 

ဟိုတယ်များ ကြယ်ပွင့်အဆင့်သတ်မှတ်ရေး ဆက်လက်ဆောင်ရွက်ရန် မြန်မာနိုင်ငံ ဟိုတယ် ဆိုင်ရာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၊ နိုင်ငံခြားရင်းနှီးမြှုပ်မှံမှုဟိုတယ်များအသင်း၊ မြန်မာနိုင်ငံ ဈေးကွက် မြှင့်တင်ရေးအသင်းစသည့် အသင်းအဖွဲ့များကိုအဖွဲ့ဝင်များအဖြစ်ပါဝင်ဖွဲ့စည်း၍ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာနကလိုအပ်သည်များပံ့ပိုးကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 

(သတင်းစဉ်)