နေပြည်တော် ၂၂ ဇူလိုင်
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီ အဖွဲ့အစည်း တစ်ခုဖြစ်သည့် US-ASEAN Business Council (US-ABC) အကြား ကိုဗစ်-၁၉ နှင့် ဆက်စပ်၍ ခရီးသွားလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ ပူးပေါင်းဖလှယ်ရေးနှင့် ကိုဗစ်-၁၉ အလွန် ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ကိုဗစ်-၁၉ သက်ရောက်မှုများ လျော့ချရန် ရည်ရွယ်ကျင်းပသည့် အစည်းအဝေးကို ယနေ့တွင် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၌ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးတင်လတ်နှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် လက်ရှိ ကိုဗစ်-၁၉ ဖြစ်ပေါ်မှုအခြေအနေ၊ ကိုဗစ်-၁၉ ကြောင့် ခရီးသွားလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်မှုများကို လေ့လာဆန်းစစ်မှုများ ဆောင်ရွက်နေမှုနှင့် ဆိုးကျိုးသက်ရောက်မှုများ လျှော့ချနိုင်ရေးအတွက် နိုင်ငံတော်၏ COVID-19 Economic Relief Plan နှင့် ဝန်ကြီးဌာန၏ COVID-19 Myanmar Tourism Strategic Road Map အရ Stimulus Package နှင့် ချေးငွေပံ့ပိုးပေးမှု၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှု၊ WHO၊ UNWTO နှင့် ကျန်းမာရေး ဝန်ကြီးဌာနတို့၏ လမ်းညွှန်မှုနှင့်အညီ ပြည်တွင်းခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှု အခြေအနေများ၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်မှုနှင့် ကာကွယ်မှုကောင်းမွန်သည့် ဒေသတွင်းနိုင်ငံများနှင့် Travel Bubble/Travel Corridor အကောင်အထည်ဖော်ရန် ညှိနှိုင်းဆောင်ရွက်နေမှုနှင့် ဝန်ကြီးဌာန၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဆောင်ရွက်မှုများကို ဆွေးနွေးပြောကြားသည်။
အစည်းအဝေးသို့ US-ABC ၏ တာဝန်ရှိသူများနှင့်တကွ အဖွဲ့ဝင်ကုမ္ပဏီများဖြစ်ကြသော Agoda၊ Expedia Group၊ Google၊ Marriott International နှင့် Visa တို့မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြပြီး ဆက်စပ်နိုင်ငံများအတွင်း ကဏ္ဍအလိုက်ဆောင်ရွက်ခဲ့သည့် ကိုဗစ်-၁၉ ဆိုင်ရာ အတွေ့အကြုံကောင်းများနှင့် လက်ရှိဆောင်ရွက်နေမှု အခြေအနေများအပါအဝင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများအရ ဟိုတယ်၊ ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လိုသည်များနှင့် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေများကို ပြန်လည် ဆွေးနွေးမေးမြန်းကြသည်။
ဆက်လက်၍ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ အလွန် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးအတွက် Digital နည်းပညာ အခြေခံသော လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေး၊ စျေးကွက်မြှင့်တင်ရေး၊ Digital Payment ဖြင့် ငွေပေးချေရေးနှင့် Online ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ လိုင်စင်ရယူရေး လုပ်ငန်းစဉ်များတွင် ပူးပေါင်း ဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်


