နေပြည်တော် ဖေဖော်ဝါရီ ၂၃

(၁၂)လရာသီပွဲတော်များတွင်ပါဝင်သော မြန်မာ့ရိုးရာထမနဲပွဲကို ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ရန်၊ ဝန်ထမ်းများအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်မှု၊ စည်းလုံးညီညွတ်မှု ရှိစေရန်နှင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏  မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများနှင့် ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ နေပြည်တော် ဟိုတယ်ဆိုင်ရာလုပ် ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မြန်မာ့ရိုးရာ ဓလေ့များကိုထိန်းသိမ်းပြီး စည်းလုံးမှု၏စွမ်းအားနှင့် ညီညွတ်မျှတစွာ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ကျန်းမာ ရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေးကို ဂရုပြုကြ၍ မိမိတို့ရရှိသည့် ကုန်ကြမ်းများနှင့် အချိန်ကို ကောင်းမွန် စွာအသုံးချပြီး ပြိုင်ပွဲဝင်အချင်းချင်း၊ ဝန်ထမ်းအချင်းချင်း ပျော်ပျော်ရွှင်ရွှင် စည်းလုံးညီညွတ်စွာ အကောင်းဆုံး ယှဉ်ပြိုင်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ဝန်ကြီးဌာနမှ ပြိုင်ပွဲဝင် အသင်း(၃)သင်း၊ နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ပြိုင်ပွဲဝင်အသင်း (၈)သင်းတို့၏ အသင်းအလိုက် တပျော်တပါး ထမနဲထိုးယှဉ်ပြိုင်နေမှုများကို လိုက်လံ ကြည့်ရှုအားပေးကြသည်။

ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက ပထမဆုရရှိခဲ့သည့် အမရာဟိုတယ်အသင်းကို လည်းကောင်း၊ ဒုတိယဝန်ကြီးက ဒုတိယဆုရရှိခဲ့သည့် သုခစိုးဟိုတယ်အသင်းကို လည်းကောင်း၊ အမြဲတမ်းအတွင်းဝန်က တတိယဆုရရှိခဲ့သည့် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနအသင်းကို လည်း ကောင်း၊ ညွှန်ကြားရေးမှူးချုပ်က စတုတ္ထဆုရရှိခဲ့သည့် ဥတ္တရသီဟိုတယ် အသင်းကို လည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် နေပြည်တော်ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းနှင့် ခရီးသွားလုပ်ငန်းရှင်များ အသင်းတို့မှ တာဝန်ရှိသူများက ပဉ္စမဆုရရှိခဲ့သည့် သင်္ဂဟဟိုတယ်အသင်းနှင့် နှစ်သိမ့်ဆုရရှိခဲ့သည့် အသင်းများကို လည်းကောင်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်